Friday, March 9, 2012

KIO နှင့် အစိုးရအကြား တပ်ရုပ်သိမ်းရေး သဘောတူညီမှု မရနိုင်သေး

နိဒါ | သောကြာနေ့၊ မတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း KIO နယ်မြေအတွင်းရှိ အစိုးရတပ်ဖွဲ့များ ရုပ်သိမ်းရေး သဘောတူညီမှု မရသေးဘဲ ဆက်လက် ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဆွေးနွေးမှု ဒုတိယနေ့အဖြစ် သောကြာနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြရာ KIO ဘက် မှ တောင်းဆိုထားသော နိုင်ငံရေး ဆွေးနွေးရန်၊ ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပရန်တို့ကို သဘောတူညီမှု ရရှိခဲ့သော်လည်း တပ်ရုပ်သိမ်းရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်ပေးရန်တို့ကိုမူ သဘောတူညီ မှု မရသေးခြင်း ဖြစ်သည်။

“လက်မှတ်ထိုးဖို့ကိစ္စမှာ KIO ဘက်ကနေ အဆိုတင်ပြချက်ကို တချို့နှစ်ဖက်လက်ခံတယ်။ တပ်ကိစ္စကတော့ အသေးစိတ် ဆွေးနွေးရမှာမို့ အဲဒီကိစ္စ ဆွေးနွေးဖို့ လိုအပ်နေလို့” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းတခုခုမှ စောင့်ကြပ်သည့် အခြေအနေအောက်တွင် နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုးရန် တောင်းဆိုချက်ကိုလည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံနိုင်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“ဦးအောင်သောင်းတို့ကနေ ရှင်းပြတာကတော့ ပြည်တွင်းရေးကိစ္စမှာ ပြည်ပနိုင်ငံ သြဇာတခုခု စောင့်ကြပ်မှု
အောက်မှာ လက်မှတ်ထိုးတာ မသင့်တော်ဘူး။ နိုင်ငံတော် သိက္ခာကျတယ်လို့ ပြောတယ်။ လက်မခံနိုင်ဘူး လို့ပဲ ပြောတယ်။ ကျနော်တို့ ဆက်ပြီး ဆွေးနွေးရဦးမယ်”ဟု သူက ဆက်ပြောသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ
ဆွေးနွေးမှုတွင် အမေရိကန်နှင့် အင်္ဂလိပ် သံအရာရှိများနှင့် UNHCR ကိုယ်စားလှယ်တို့ တက်ရောက် လေ့လာ ခွင့် ရခဲ့ကြဖူးသည်။

ဦးဆွမ်းလွပ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ရွှေလီမြို့တွင် ရောက်ရှိနေသော
ပြည်တွင်း ပြည်ပ သတင်းထောက်များကို သောကြာနေ့ ညနေက သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည် ဟု သိရသည်။

စနေနေ့ ထပ်မံတွေ့ဆုံမှုတွင် တစုံတရာ သဘောတူညီမှု ရမည်ဟု မျှော်လင့်ထားပြီး နှစ်ဘက် တွေ့ဆုံ
ဆွေးနွေးမှု အားရသော်လည်း ကျေနပ်မှု မရသေးကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

No comments:

Post a Comment