Sunday, March 4, 2012

အစ္စရေးအနေဖြင့် အီရန်ကို တစ်ကိုယ်တော် လက်ဦးမှုယူ မတိုက်ရန် အိုဘားမားတိုက်တွန်း အရေးယူပိတ်ဆို့မှုများ အလုပ်မဖြစ်ပါက အမေရိကန်ကိုယ်တိုင် စစ်ရေးအရ ဖြေရှင်းပေးမည်ဟု အိုဘားမားကတိပြု


အစ္စရေးအနေဖြင့် အီရန်ကို  တစ်ကိုယ်တော် လက်ဦးမှုယူ တိုက်ခိုက်မှုမျိုး အဆောတလျင် မဆောင်ရွက်ရန် အမေရိကန်သမ္မတဘာရက်အိုဘားမားက မတ်လ  ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မတ်လ ၅ ရက်နေ့တွင် ၀ါရှင်တန်သို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု မလာရောက်မီ အိုဘားမားက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အရေးယူပိတ်ဆို့မှုများသာ အီရန်၏ နျူလက်နက်ထုတ်လုပ်ရေး ရည်မှန်းချက်ကို မရပ်တန့်နိုင်ခဲ့ပါက အမေရိကန် ကိုယ်တိုင် စစ်အင်အားသုံးဖြေရှင်းမည်ဟု ကတိပြုခဲ့သည်။
နေတန်ယာဟုက အမေရိကန် မပါလျှင်လည်း အစ္စရေးသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် စစ်အင်အားသုံးခွင့်ရှိသည်ဟု ပြောကြားထားသောကြောင့် အိုဘားမားက ယခုကဲ့သို့တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
''အစ္စရေး အစိုးရအနေနဲ့ ဒါကို အသိအမှတ်ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ လိမ်ညာလှည့်စားစရာ အကြောင်းမရှိပါဘူး''ဟု အိုဘားမားက ပြောကြားခဲ့သည်။
''သင့်တော်တဲ့မူဝါဒရဲ့အခြေခံအနေနဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်က ဘာလဲဆိုတာ လှည့်ပြီးလျှောက်ပြောနေမှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက အီရန်နျူလက်နက်ပိုင်တာကို လက်မခံနိုင်ဘူးလို့ပြောရင် ပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ အီရန်ရော အစ္စရေးအစိုးရပါ နားလည်မယ်လို့ ကျွန်တော်ထင်ပါတယ်''ဟု အိုဘားမားက ပြောကြားခဲ့သည်။
အမေရိကန်၏ မဟာဗျူဟာများတွင် အီရန်ကို နိုင်ငံရေးအရ အထီးကျန်ဖြစ်စေရေး အပါအ၀င် အရေးယူပိတ်ဆို့မှုများ၊သံတမန်ရေး နည်းလမ်းများ ပါဝင်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
''ပြီးတော့ စစ်ရေးလည်း ပါပါ တယ်။ ဒါကိုလူတွေ နားလည်နိုင်မယ် ထင်ပါတယ်''ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အီရန်နျူလက်နက်ပိုင်တာကို လက်မခံနိုင်ဘူးလို့ပြောရင် ပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ အီရန်ရော အစ္စရေး အစိုးရပါ နားလည်မယ်လို့ ကျွန်တော်ထင်ပါတယ်
နေတန်ယာဟုသည် အိုဘားမားနှင့် တွေ့ဆုံရန် အစ္စရေးမှ ထွက်ခွာလာပြီဖြစ်ပြီး မတ်လ ၂ ရက်နေ့တွင် ကနေဒါသို့ ရောက်ရှိနေသည်။ ကနေဒါပါလီမန်တွင် နေတန်ယာဟုက ပြောကြားခဲ့ရာ၌ ''ကျွန်တော်တို့ အစ္စရေးကို မြေပုံပေါ်ကဖျောက်ပစ်မယ်ဆိုတဲ့ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ အစ္စရေးရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကိုပဲ တောင်းဆိုတာပါ။ ဒါဟာ ဘယ်တိုင်းပြည်မဆို လုပ်ခွင့်ရှိတဲ့ ကိစ္စပါပဲ''ဟု ဟီဘရူးဘာသာဖြင့် ပြောကြားခဲ့သည်။
နေတန်ယာဟုက အီရန်သည် ဆေးဘက်ဆိုင်ရာနှင့် နျူစွမ်းအင်အတွက် လိုအပ်သောပစ္စည်းများနှင့် ယူရေနီယမ် သန့်စင်မှုများမှအပ ကျန်နျူလုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သည်။
အိုဘားမားက ''ဒီအချိန်မှာ အီရန်အပေါ် သနားတဲ့သူလည်း သိပ်မရှိတော့ပါဘူး။ သူ့ရဲ့တစ်ခုတည်းသော မဟာမိတ် (ဆီးရီးယား) ကလည်း အကျပ်ရိုက်နေပါပြီ။ ဒီလိုအချိန်မျိုးမှာ အီရန်က သူ့ကိုယ်သူ  အပြစ်မဲ့သားကောင်လို အသွင်ယူမှာမျိုးကို ကျွန်တော်တို့ လိုလားရမှာ လား''ဟု ပြောကြားခဲ့ပြီး အဆောတလျင် တိုက်ခိုက်မှုမျိုးသည် အီရန်အပေါ် အခြားနိုင်ငံများ၏ ရပ်တည်ချက် ပြောင်းသွားစေနိုင်ကြောင်း သတိပေးခဲ့သည်။
အိုဘားမားက အီရန်၏နျူ လက်နက်များ အကြမ်းဖက်သမားများ လက်တွင်းသို့ ရောက်သွားမည့် အန္တရာယ်၊ကမ္ဘာပေါ်တွင် မငြိမ်သက်ဆုံးဒေသ၌ နျူလက်နက်ပြိုင်ပွဲဖြစ် လာမည့်အန္တရာယ်ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပြီး ယင်းအခြေအနေမျိုးသည် အီရန်အတွက် ပိုအခွင့်သာသွားစေနိုင်ကြောင်း သုံးသပ်ခဲ့သည်။

No comments:

Post a Comment