Monday, April 30, 2012
မြန်မာအစိုးရက ကချင်စစ်ဆင်ရေးတွင် ရဟတ်ယာဉ် အသုံးပြုလာ
မြန်မာအစိုးရတပ်က စစ် ရဟတ်ယာဉ် (၈) စင်းဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့
(KIA) အား ကချင်ပြည်နယ်အရှေ့ပိုင်း နှစ်နေရာတွင် ဧပြီ ၂၈၊ စနေနေ့က
တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း KIA သတင်းက ဆိုသည်။
ရဟတ်ယာဉ် ၂ စင်းက ယခု မြန်မာ့တပ်မတော် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ် ၁၀၀၁ အခြေစိုက်ထားသော (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ်) ပန်ဝါမြို့ကို ၀ိုင်းထားသည့် KIA တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိများဆိုသည်။
တချိန်ထဲမှာ ကျန် ရဟတ်ယာဉ် (၆) စင်းက ၀ိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်း ဆဒုံမြို့နယ်ခွဲရှိ KIA တပ်ရင်း ၃ အောက် ပန်ဆဲစခန်းအပါဝင် အခြားအမာခံစခန်းများကို တိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း ၃ အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုသည်။
မြန်မာ့တပ်မတော် စစ် ရဟတ်ယာဉ်များ ယခုလို KIA ပစ်မှတ်များကို တိုက်ခိုက်ပြီးနောက် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ဘက်သို့ ပြန်လှည့်သွားကြသည်ဟု မျက်မြင်များဆိုသည်။
ဧပြီ ၂၆ ရက်မှစပြီး ကန်ပိုင်တီနှင့် ပန်ဝါ တရုတ်နယ်စပ်လမ်းဘက်တွင် အစိုးရနှင့် KIA ကြား တိုက်ပွဲများ ပြင်းထန်လာသည်။ ယနေ့ထိ နှစ်ဖက်တပ်ကြား ချီဖွေနှင့် ပန်ဝါကြား တိုက်ပွဲများဖြစ်နေသည်မှာ ၄ ရက် ရှိနေပြီဖြစ်သည်။

Sunday, April 29, 2012
အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော
ရီလေတီဗီတီနှင့် အလင်းအလျင်
အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမား ကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်းပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။
- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။
အဲဒီအယူအဆပေါ် အခြေခံပြီး ‘အမွှာဝိရောဓိ’ ဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။
ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။
“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်…”
အစ်ကိုကလည်း ပြောပြောလိမ့်မယ်။
“ဟင် ခင်ဗျားက ကျုပ်ညီလား… ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”
အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အမွှာညီရဲ့ အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။
အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။
ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည် အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။
ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန် ဖြစ်နေပါတော့မယ်။
အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာမဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။
အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို
နယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။
နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။
ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာ ပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။
အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။
မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါဝင်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။
ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။
ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနို နဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။
ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။
သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့ နားလည်ထားတဲ့ ကျွန်ုပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။
စိုးစိုး (အင်္ဂပူ)
NLD ကျမ်းသစ္စာဆိုခြင်းနဲ့ ပတ်သက်၍ ဒေါက်တာမြင့်ချိုရဲ့သဘောထား
Burma Office Director ဒေါက်တာမြင့်ချိုနှင့် Terrell Aung (SBS) ရေဒီယိုတို့ တွေ့ဆုံးမေးမြန်းခန်း
၂၀၁၂ ခု နှစ် ဧကြီလ (၂၅) ရက်နေ့တွင် လွှင့်သွားသည်။
SBS - ဒေါက်တာမြင့်ချိုခင်ဗျား အခုလို ကျနော်တို့ SBS ရေဒီယိုနဲ့ စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျနော်ပထမဆုံး မေးချင်တာကတော့ မြန်မာပြည်မှာ ပါလီမန်ထဲမှာ NLD ပါတီအနေနဲ့ ၀င်ရောက်ဖို့အတွက် ကျမ်းကျိန်မှုနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ ဖြစ်နေတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုအနေနဲ့ ဘယ်လိုမြင်သလဲ။
ဒေါက်တာမြင့် ချို - NLD ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ဂတိပြုခြင်းဆိုင်ရာ စာသားဖြစ်တဲ့ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ" ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာ အစား "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးဖို့ တောင်းဆိုထားတဲ့ကိစ္စဟာ ဝေါဟာရကိစ္စလေးတခု မဟုတ်ဘဲ အယူအဆပိုင်းဆိုင်ရာ ကိစ္စရပ်လို့ပါ ကျနော်မြင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်သူလူထုရဲ့ အကျိုးအတွက် ရှေ့ရှုရေးဆွဲထားတဲ့အပြင် ပြည်သူလူထုကြီးကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတတဲ့ လူထုဆန္ဒခံယူပွဲတွေနဲ့ မဲပေးအတည်ပြုပေးခဲ့တာမို့လို့ သူတို့ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီဖွဲ့စည်ပုံ အခြေခံဥပဒေကို "ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်" လို့ ဂတိပြုကြတာ သဘာဝကျပါတယ်။ ဒါပေမမဲ့ မြန်မာနိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြည်သူလူထုရဲ့ အကျိုးကို မရှေ့ရှုတဲ့အပြင် အတုအယောင် လူထုဆန္ဒခံယူပွဲကြီး လုပ်ပြီးတော့ လူထုကို မတရားခြိမ်းချောက် မဲပေးခိုင်းတာရော၊ မဲလိမ်ပြီး တခဲနက်ထောက်ခံပါတယ်ဆိုပြီး အဓမ္မ အတည်ပြုခဲ့တာမို့ ဒါကြီးကို "ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်" လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ဂတိသစ္စာမပြုနိုင်တာ မှန်ကန်တယ်လို့ ကျနော် ယူဆပါတယ်။
SBS - အဲဒီတော့ အခုလောလောဆယ်ဆယ်မှာ ဖြစ်နေတာကတော့ ဒီသတင်းတွေမှာ ပါနေတာကတော့ ပါလီမန်ထဲံမှာ အများစုက ကြံ့ဖွတ်က ဖြစ်နေတယ်။ အဲဒီလိုပြောင်းလဲဖို့ဟာ 75% လိုတယ် ပြောပါတယ်။ အခုကြံ့ဖွံ့က ပြောနေတာကတော့ သူတို့လုံးဝကို ဒီပြောင်းလဲဖို့ကို စိတ်လည်းမ၀င်စားဘူး၊ ထောက်လည်မထောက်ခံဘူး ပြောတော့ တကယ်လို့ ဒီစားသားကို မပြောင်းလဲနိုင်ဘူးဆိုရင် NLD အနေနဲ့ ရှေ့ဆက်ပြီး ဘာလုပ်မယ်လို့ စိတ်ကူးတယ်လို့ ထင်ပါသလဲ။
ဒေါက်တာမြင့်ချို - ပထမတချက်ပြောချင်တာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ တချို့ကိစ္စတွေဟာ သူတို့ပြောသလို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း (၂၀) ကျော်ကနေ အဆိုတင်မှ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရတာဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲသည်လိုပြောမယ်ဆိုရင် အရင်တုန်းက NLD ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပေါ့ဗျာ အဲဒီမှာ ပါတဲ့ပုဒ်မအရ ဆိုလို့ရှိရင် ပါတီတရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြဌာန်းထားတာဗျ။ ပါတီတရပ်အနေနဲ့ NLD က ဒီမတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာကို လက်မခံတဲ့အတွက်ကြောင့် ပါတီကို မှတ်ပုံလည်း မတင်ခဲ့ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ခဲ့ဘူး။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွှေ့ဆုံဆွေးနွေးပြီးတော့ သူတို့အနေနဲ့ ညှိနှိုင်းပြီးတော့ သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပြည်ထောင်စုလွှတ်တော်က အဲဒီစာသားအစား "လေးစားလိုက်နာပါမယ်" ဆိုတဲ့စာသားနဲ့ (၂၀၁၁) ခုနှစ် နိုဝင်ဘာလမှာ အစားထိုး ပြင်ဆင်ပေးခဲ့တယ်ဗျာ။ အဲဒီလို ပြင်ဆင်ခဲ့တာကြောင့်လည်း NLD ဟာ ရွေးကောက်ပွဲကို ၀င်ဖို့အတွက်လည်း မှတ်မပုံတင်ခဲ့တယ်၊ ရွေးကောက်ပွဲလည်း ၀င်ခဲ့တယ်၊ တကယ်လည်း (ကြားဖြတ်) ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဗျာ။ အဲသည်လို ပြင်လို့ရတဲ့ အနေအထားတခုကို ဒီတခေါက်ကျတော့ သမ္မတ ဦးသိန်းစိန်က သူကိုယ်တိုင် ပြည်ထောင်စု လွှတ်တော်ကို မေတ္တာရပ်ခံတာ မလုပ်တော့ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို လွှဲပေးလိုက်တယ်။ လွှဲပေးလိုက်တော့ အဲဒီ ခုံရုံးက ဒါဟာ အကျုံးမ၀င်ပါဘူးဆိုပြီးတော့ ပြောချလိုက်တယ်။ ထို့အပြင် လွှတ်တော် (၂) ရပ်လုံးမှာ ရှိနေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော ကြံ့ဖွံ့ပါတီက ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့ ဦးဌေးဦးတို့ရော ဒါကြီးဟာ ပြင်စရာမလိုပါဘူး ဆိုပြီးတော့ တင်းခံနေကြတယ်ဗျာ။ အဲဒီလိုသာ သွားမယ်ဆိုရင်တော့ NLD ကလည်း ဂတိသစ္စာပြုတဲ့ကိစ္စကြီးကို မလုပ်နိုင်ဘူး။ ပြင်ဖို့ဆက်ပြီးတောင်းဆိုထားတယ်။ အလားတူပဲ ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အများစုက မပြင်ပေးနိုင်ဘူးလို့ ပြောနေကြတယ်ဆိုရင်တော့ ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ ဒီလွှတ်တော်ကြီးဟာ တတိယအကြိမ် ကျင်းပနေတဲ့ ကိစ္စဟာ ဒီလိုပဲ ပြီးသွားမယ်လို့ ထင်ရတယ်။ ဒါဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ သောင်မတင်ရေမကျဘ၀ကို ပြန်ရောက်မယ်လို့ပဲ ကျနော်မြင်တယ်။
SBS - အဲဒီကျနော်ဖတ်နေရတဲ့ သတင်းတချို့တွေမှာ ဖေါ်ပြထားတာက အခုလို NLD က လုပ်လိုက်ခြင်းအားဖြင့် ပါလီမန်ထဲမှာရှိတဲ့ Hard liners တွေ (သဘောထားတင်းမာသူတွေ) ကို ပိုပြီးတော့ မီးစထိုး အားပေးလိုက်သလို ဖြစ်တယ်လို့ သူတို့ဖေါ်ပြထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါက်တာမြင့်ချိုအနေနဲ့ ဘာပြောချင်ပါသလဲ။
ဒေါက်တာမြင့်ချို - အဲဒီအပိုင်းမှာတော့ နှစ်ခုတော့ ရှိတယ်ဗျ။ ပထမတခုက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ ပြည်သူလူထုကို သူတို့ ဂတိပေးထားတာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲကို သွားမယ်လို့ တင်ပြထားတာ ရှပါတယ်။ အဲဒီတော့ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့တော့လိုတယ်ဗျ။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတကာကနေ ခုနကျနော်ပြောသလို ပြင်လို့ရအောင်ဆိုပြီး နိုင်ငံတော်တော်များများမှာလည်း "ကာကွယ်စောင့်ရှောက်ပါမယ်" လို့ ကျမ်းသစ္စာ မဆိုဘူးဗျ။ "လိုက်နာကျင့်သုံးမယ်" သို့မဟုတ် "လေးစားလိုက်နာပါ့မယ်" (သို့မဟုတ်) "စောင့်ထိန်းပါ့မယ်" ဒီလိုမျိုးတွေ ကျမ်းသစ္စာ ကျိန်ဆိုတာမျိုးတွေလည်း ရှိတယ်ဗျ။ ဆိုတော့ ဒါတွေဟာ နိုင်ငံတကာကို မှီညှမ်းပြီးလုပ်တယ်ဆိုရင် ပျော့ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်လို့ ရတဲ့အနေအထားဖြစ်အောင် ပြင်ပေးလို့ ရပါတယ်။ အခု ပိုဆိုးသွားတာက ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေရော ကြံ့ဖွံ့အမတ်တွေရော ပြင်ချင်တဲ့ ဆန္ဒမရှိအပြင် လွှတ်တော်ပြန်ပြီးကျင်းတဲ့အခါမှာ တပ်မတော်ကိုယ်စားလှယ်တွေထဲကနေ တော်တော်များများဟာ အရင်က ဗိုလ်မှူးအဆင့်ကနေ အဲဒီလူတွေကို အနားပေးလိုက်ပြီးတော့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဒုဗိုလ်မှူးကြီးတွေကို အစားထိုးပြီးတော့ လွှတ်တော်ထဲ ပြန်ပို့လာတယ်။ အဲဒီလိုပို့လာတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ခက်ခဲအောင် ပိုပြီးတော့ ဟန့်တားနိုင်အောင် အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တွေကို ပို့လိုက်တယ်လို့ အဲဒီလိုသုံးသပ်နိုင်တယ်ဗျ။ ဒါဟာ ကျနော်တို့ အလားအလာ သိပ်မကောင်းဘူးလို့ မြင်ပါတယ်။
SBS - အစကတည်းက ဒီ Hard Liners တွေ ကြံ့ဖွံ့ပါတီထဲကရော၊ စစ်တပ်ကရွေးထားတဲ့ အမတ်တွေရော အစကတည်းက သူတို့ကိုကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကို ပါလီမန်ထဲကို ၀င်လာမှာကို သူတို့မလိုလားဘူး၊ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကနေပြီး Pressure (ဖိအား) ပေးလို့သာ သူတို့လက်ခံလိုက်သလို ဖြစ်နေတယ်လေ။ အဲဒီတော့ အခုလို NLD က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန် မတက်ဘူးဆိုတော့ သူတို့က ပိုပြီးတော့ သူတို့အနေနဲ့ ပိုသဘောမကျဘူးလား။
ဒေါက်တာမြင့်ချို - အဲဒီလိုတွေးရင်လည်း ရပါတယ်။ နောက်တဘက်က ပြန်ကြည့်ရင်လည်း ဒီကိစ္စဟာ အရင်တုန်းက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီစဉ်ထားတဲ့ကိစ္စပေါ်မှာ အခြေခံပြီးဖြစ်လာတာကိုး။ အဲဒီတော့ ဦးသန်းရွှေကတော့ သူ့အာဏာကို နေရာ ၄ နေရာခွဲပေးခဲ့တယ်။ အစိုးရမှာရယ်၊ လွှတ်တော်နေရာမှာရယ်၊ ပါတီနေရာမှာရယ် တပ်မတော်နေရာမှာရယ် အခုဟာ အစိုးရခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့က ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ကိစ္စမျိုးတွေကို များများ လုပ်ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ်ပြလာတဲ့အပေါ်မှာ ပြောင်းလဲမှုကို ဦးတည်တယ်လို့ တကမ္ဘာလုံးက လုံးဝထင်တယ်။ အဲဒီအပေါ်မှာ (နိုင်ငံတကာ) က အလျှော့ပေးမှုတွေ လိုက်လျောမှုတွေ အများကြီးလုပ်လာတာကို တွေှ့ရပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်က ခေါင်းဆောင်တွေက ဒီအပေါ်မှာ ပြန်ပြီးတော့ ရှေ့မတိုးနိုင်အောင် ဟန့်တားချင်တဲ့ သဘောမျိုးရှိတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဖြစ်လို့လည်းပဲ NLD ပါတီမှတ်ပုံမတင်တုန်းက မှတ်ပုံတင်လာအောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၄၀၅) မှာ ပါတဲ့အတိုင်းကို (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးခဲ့တာပဲဗျာ အဲသည်လို ပြင်ပေးနိုင်တယ်ဆိုရင် အခန်း (၄) ဥပဒေပြုရေး ပုတ်မ (၁၂၅) ဇယား (၄) မှာပါတဲ့ ကျမ်းကျိန်တဲ့စာသားကိုလည်း "လေးစားလိုက်နာပါ့မယ်" လို့ ပြင်ပေးနိုင်ရမှာပေါ့ဗျာ။ အဲဒီတော့ ရှေ့နဲ့နောက် အဆီအငေါ်တည့်ပြီးတော့ ပြင်ပေးမှပဲ အဆင်ပြေမှာပေါ့။ အခု မပြင်ပေးနိုင်ဘူးဆိုတာကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်တို့အပေါ်မှာရော လွှ့တ်တော်ခေါင်းဆောင်တွေ အပေါ်မှာရော ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်ခေါင်းဆောင်တွေက ဖိအားတွေ များလာပြီး သတိပေးမှုတွေ များလာပြီး ရှေ့တိုးလို့မရအောင် လုပ်လာပြီးလို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။
SBS - ဟို အမေရိကန် State Department က သတင်းစာ ရှင်းလင်းစာရှင်းလင်းပွဲမှာ ပြောတာကတော့ သူတို့အနေနဲ့ ၀င်မပါဘူး။ အားလုံး ပြေပြေလည်လည် ညှိနှိုင်းကြဖို့ပဲ သူတို့ပြောထားတယ်ဆိုတော့ ဒါအမေရိကန်အနေနဲ့ရော ဒီကိစ္စမှာ နှစ်ဘက်စလုံးဘက်က မပါဘဲနဲ့ သူတို့ဘေးက ထိုင်ကြည့်မည့်သဘောမျိုးလို ဖြစ်နေတယ်လို့ ထင်ပါသလား။
ဒေါက်တာမြင့်ချို - ကျနော့်အမြင်က အမေရိကန်အစိုးအရ အပါအ၀င် ဒီမိုကရေစီနိုင်ငံတွေကနေ သူတို့အနေနဲ့ ဖိအားပေးတာတို့ ညှိနှိုင်းပေးတာတို့ တိုက်တွန်းတယ်ဆိုတာက လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရက ပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ထဲမှာ ရှိတဲ့ခေါင်းဆောင်တွေကို သူတို့လုပ်လို့ရပါတယ်။ လုပ်လို့ရလို့လည်းပဲ အခုအများကြီးပဲ ရှေ့ကိုတိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာတယ်။ ဒါကြောင့်လည်း အပေးအယူအဖြစ်နဲ့ပေါ့ဗျာ ပိတ်ဆိုဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးတယ်၊ အကူအညီတွေ အများကြီးပေးတယ်၊ အသိအမှတ်ပြုမှုတွေ အများကြီး လုပ်လာတယ်။ သို့သော် ဒီနိုင်ငံတွေအနေနဲ့ တဘက်ကပြန်ကြည့်ရင် လက်ရှိမြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ဆွဲဆောင်မှုမလုပ်နိုင်ပါဘူး၊ တွန်းအားလည်း မပေးနိုင်ဘူး၊ ဖိအားလည်းပေးနိုင်တာကို သိပ်မတွေ့ရဘူး။ အလားတူ ကြံ့ဖွံ့ပါတီကိုလည်း အဲဒီလို ဖိအားတွေ ဆွဲအားတွေ တွန်းအားတွေ ပေးနိုင်တာမျိုးတွေ သိပ်မတွေ့ရဘူး။ မတွေ့ရတော့ တဘက်ကပြန်ကြည့်ရင် သူတို့ သြဇာမသက်ရောက်တဲ့ ဗမာ့တပ်မတော်နဲ့ ကြံ့ဖွံ့ပါတီကို အဓိကထားပြီးတာ့ နည်းပေါင်းစုံနဲ့ သူတို့တွန်းအားပေးတာမျိုးတွေ ဖိအားပေးတာမျိုးတွေ ဆွဲဆောင်မှုတွေ လုပ်ဖို့တော့လိုတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာရဲ့ အဓိက လုပ်ဆောင်ရမည့်ကိစ္စတခုက ဘာလဲဆိုတော့ ပြည်တွင်းအင်အားစုတွေနဲ့ ပေါင်းပြီးတော့ ဦးသိန်းစိန်တို့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးတော့ ကနေ့ ဗမာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေကို ဆွဲအားတွေ၊ ဖိအားတွေ စသည်ဖြင့်ပေါ့ဗျာ နည်းပေါင်းစုံနဲ့ ပေးဖို့လိုအပ်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။
SBS - နောက်တခုက တကယ်လို့သာ NLD ပါတီက ဒီလိုပြဿနာတွေကိုပေါ့ နှစ်ဘက်က မဖြေရှင်းနိုင်လို့ NLD ပါတီက ပါလီမန်ကို မသွားဘူးဆိုလို့ရှိရင် သူတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ နယ်မြေက ပြည်သူလူထုအနေနဲ့ရော သူတို့ကို ဘယ်လိုမြင်မယ်လို့ ထင်ပါသလဲ။
ဒေါက်တာမြင့်ချို - NLD အနေနဲ့ကတော့ အခုဒီလွှတ်တော်ကို သပိတ်မှောက်တယ်လို့လည်း မဟုတ်ဘူး၊ မသွားဘူးပြောတာလည်း မဟုတ်ဘူး၊ သွားနိုင်ဖို့အတွက် ပြင်ဆင်စောင့်ကြည့်နေတယ်လို့ သူတို့ အဲဒီလိုပြောထားကို ကျနော်ကြားရပါတယ်။ အဲဒီတော့ တဘက်ကနေ အဲသည်လိုး စောင့်နေတဲ့အချိန်မှာလည်း ဦးသိန်းစိန်တို့က ပြင်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေတုန်းပါပဲ။ လူထုလည်း အလားတူပါပဲ လူထုကနေ ဒီအပေါ်မှာ NLD ကို ဘယ်လုအကြံဥာဏ်တွေ ပေးပြီးတော့ ဘယ်လိုတုန့်ပြန်နိုင်မလဲ ဆိုတဲ့ကိစ္စဟာလည်း ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ အခုဆိုရင် လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါတီဖြစ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူထုရဲ့စကားကို သူတို့နားထောင်ရပါလိမ့်မယ်။ သူတို့လေးစားရပါလိမ့်မယ်၊ အဲဒီတော့ လူထုက လွှတ်တော်ထဲကို သွားစေချင်တယ်ဆိုရင်တော့ လူထုဆန္ဒကို လုက်လျောပြီးတော့ သူတို့သွားဖို့တော့ လိုအပ်ပါတယ်။ အဲဒီတော့ လူထုဆန္ဒဟာ ဘာလဲဆိုတောကို သူတို့အရင်ဦးဆုံး သေသေချာချာ ဆန်းစစ်လေ့လာပြီးတော့ သေသေချာချာ နားထောင်ဖို့ လိုအပ်ပါတယ်ခင်ဗျ။
SBS - ဟုတ်ကဲ့ ဒေါက်တာမြင့်ချို ကျေးဇူးအများကြီး တင်ပါတယ်။
ဒေါက်တာမြင့်ချို - ဟုတ်ကဲ့ ခင်ဗျ။

Saturday, April 28, 2012
အစိုးရတပ်က ကေအိုင်အို ဗဟိုကို လက်နက်ကြီးနဲ့ တိုက်
အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း
လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ်
ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့
ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။
ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပြပါတယ်။
"ဒီနေ့မနက် အစောကြီး တနာရီပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာအမြောက်နဲ့
ပစ်တုံးပဲ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း
ကျရောက်တာတွေရှိတယ်။ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်မှာလည်း ပစ်တယ။်
ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက်
တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ
ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်
ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။"
ကေအိုင်အို လိုင်ဇာဌာနချုပ် အနီးဝန်းကျင် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေ
အဆက်မပြတ် ဖြစ်ပွါးနေပြီး အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့နေတာကြောင့်
ဗဟို လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
"နေ့တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ညအချိန်ပုံစံ
လုပ်လာတဲ့အခါကျတော့ ဗဟိုလုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။
ကေအိုင်အို တပ်တွေကလည်း နယ်မြေအနှံ့ လှုပ်ရှားမှုတော့ လုပ်ရတော့မှာပဲ။
ဒါကြောင့် တိုက်ပွဲတွေကလည်း နယ်မြေအနှံ့မှာ ဖြစ်လာတဲ့သဘောလို့
ပြောလို့ရတယ်ခင်ဗျ။ မျက်နှာစာအားလုံးမှာ သူတို့တပ်တွေက အင်နဲ့အားနဲ့
ချထားတာမျိုး ရှိတယ်။"
လိုင်ဇာဌာနချုပ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနဲ့
လိုင်စင် ဗဟိုဌာနချုပ် အဟောင်းနဲ့ လိုင်ဇာ အကြားရှိ နားဖော့စခန်းမှာ
အစိုးရတပ်အင်အား ဖြည့်ထားတာ အားလုံး ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။
ကေအိုင်အို နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံ
ဆွေးနွေးဖို့ အတွက် အစိုးရက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၁၇
ရက်နေ့က ကမ်းလှမ်းထားတာကို ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခုလို
အချိန်မျိုးမှာ အဲဒီမှာ တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ဧပြီ ၂၀ ရက်နေ့က
အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
RFA - Burmese
RFA
RFA - Burmese
ကြာဖြတ်သတင်း
မြန်မာအစိုးရ
စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင် လက်နက်ကိုင်အဖွဲ့ KIA
တပ်ဖွဲ့ဝင်များက ဝိုင်းမော် မြို့နယ် စဒုံးမြို့နယ်ခွဲ
အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်း
တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦး သေဆုံးခဲ့သည်ဟု The
Voice Weekly က စုံစမ်းသိရှိရသည်။
ဆော့လော် တောင်တန်းများပေါ်တွင် KIA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။
KIA နယ်မြေအတွင်း
ပို့ထားတဲ့ မြန်မာ့တပ်မတော်သားများကို ပြန်ခေါ်အုံး။ မြေသြဇာဖြစ်ကုန်
တော့မယ်။ ကချင်ပြည်နယ် အန်ဒီအေကေ (နယ်ခြားစောင့်တပ်) ၏ဌာနချုပ်ဖြစ်သော
ပန်ဝါမြို့ ကို KIA မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြော င်း.
ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ
ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင်
မြန်မာအစိုးရတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ
ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။
ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။
kambaiti-road-270412
တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။
သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။
တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်နေပြီ။
ကိုယ်ပိုင်အမှတ် ကြည်း ၁၉၇၁၇၊ အဆင့် ဒုတိယဗိုလ်မှူးကြီး၊ အမည်
အောင်ကျော်၊ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရာထူး စစ်ဦးစီး(ပထမတန်း) ကနေ နတခ
ဌာနမှူး လကခသို့  ၂၀၁၁ ခုနှစ်မှာ ပြောင်းရွှေ့ တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။
အခုတော့ ဧပြီလ (၂၂) ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ 
ဗိုလ်မှူးစိုးသီဟကျော်နေရာမှာ အစားထိုးပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ 
တစ်မတ်သား စစ်တပ်ကိုယ်စားလှယ် ဖြစ်သွားပါပြီ။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ မှာ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နေရာမှာ ဆက်သွယ်ရေးစက်ကို လက်ကကိုင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော်ရျင်သူမြတ်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့  ကွပ်ကဲအမိန့် ပေးခဲ့တဲ့ သံဃာသတ်သမား နအဖလက်ပါးစေ ဒု-ဗိုလ်မူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတော့တယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော်ရှင်သူမြတ်တွေကို ရိုက်နှက် သတ်ဖြတ်၊ မစုစုနွေးလို အမျိုးသမီးကောင်းတွေကို လူမြင်ကွင်အလယ်မှာ ရိုင်းပြစွာ ဆွဲလားရမ်းလားနဲ့  အကြမ်းဘက် ဖမ်းဆီး၊ ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိကို ရက်စက်စွာ ပစ်သတ်ခဲ့တဲ့ အကြမ်းဘက်သမား မိစ္ဆာဒိဌိတွေရဲ့ ဦးဆောင်ကြီးကြပ်ကွပ်ကဲသူကတော့ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) က ဒု-ဗိုလ်မူးကြီး အောင်ကျော်၊ ယခု နေပြည်တော် လွှတ်တော်တက်ဖို့  ဗိုလ်မှူးကြီး ဗိုလ်မှူးချူပ်ရာထူးအဆင့်တွေနဲ့  အစားထိုးလိုက်တဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်ကျော် (ကိုယ်ပိုင်အမှတ် - ၁၉၇၁၇) ဘဲ ဖြစ်ပါတယ်။
သိန်းစိန်တို့ ရဲ့  သန့် ရှင်းအစိုးရဖြစ်ရမယ်လို့ ပြောနေတာတွေ လူသတ်ကောင် (အထူးသဖြင့် ပြည်သူတွေကိုသာမက သံဃာတော်ရှင်သူမြတ်တွေကိုပါ ပေါ်တင်သတ်ဖြတ်ခဲ့တဲ့) အောင်ကျော်လို စစ်တပ်က ဗိုလ်မှူးကြီးတွေကို လွှတ်တော်ထဲ ထည့်သွင်းပြလိုက်တာ မိုက်ရိုင်းလွန်းပါတယ်။

Friday, April 27, 2012
မူးယစ်ရာဇာ နော်ခမ်းကို ပစ်ခတ်ဖမ်းဆီး
ထိုင်းနိုင်ငံက အလိုရှိတဲ့
ဗမာပြည်သား Wanted သုံးယောက်ထဲမှ တစ်ယောက်တော့သွားပြီ။ အကြားထဲက DKBA
ဗိုလ်မှူးချူပ် စောလါးဘွယ် နာမည်လည်းပါသည်။ ဒီကိစ္စ တီးလားဘွယ်တို
့လျော့မတွဲနဲ့  သတိအမြဲရှိပါ။ ခင်ဗျားတို့ လုပ်တာ မလုပ်တာ ကျနော်တို
့မသိဘူး စိတ်လည်းမ၀င်စားဘူး.. တာပေမယ့် ကရင်ကို ထိပါးလာရင် ကျနော်တို့ လည်း
နာတယ်။ ကိုယ့်လှုံခြုံရေးကို ဂရုစိုက်ကြပါ။ စေတနာ.. မေတ္တာဖြင့်.....
xxxxxxxxxxxxxx
ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်း ရုပ် သံ သတင်းဌာန Chanel 3 နှင့် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုင်း Chanel 3 သတင်းဌာနတွင် ဖော်ပြထားသော နော်ခမ်း (ဓာတ်ပုံ - krobkruakao.com)
လာအို အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိထားကြောင်း ထိုင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ သည့် အတွက် သွားရောက်စစ်ဆေးနေကြောင်း အဆိုပါ သတင်းဌာနများတွင် ရေးသားထားသည်။ နော်ခမ်းကို လက်ရ ဖမ်းဆီးမိခြင်းလော၊ အသေဖမ်းဆီး မိခြင်းလော ဆိုသည်မှာ မရှင်းလင်းသေးပေ။
မြန်မာနိုင်ငံ တာချီလိတ်မြို့မှ အစိုးရ အရာရှိတဦးကလည်း မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့ဝင် လေးဦးကို ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည်ဟု သိရကြောင်း ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့က မူးယစ်ရာဇာ နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၂ သန်း (ဒေါ်လာ ၆၄၀၀၀ ခန့်)ထုတ်ပြန်ထားသည်။
ထိုသို့ ဆုငွေထုတ်ပြီးနောက် နော်ခမ်း၏ အဖွဲ့ဝင် ၈ ဦးသည် မြန်မာအစိုးရထံသို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ နယ်စပ်များ ထိစပ်နေသည့် ရွှေကြိဂံဒေသတွင် မူးယစ်ဆေးဝါး
ရောင်းဝယ်မှုများ ပြုလုပ်နေပြီး မဲခေါင်မြစ်အတွင်းရှိ ကုန်သင်္ဘောများနှင့် ခရီးသည်တင်ရေယာဉ်များကို စီးနင်းတိုက်ခိုက်ကာ ပြန်ပေးငွေ တောင်းခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်းသွားလာနေသည့် တရုတ်ကုန်တင်သင်္ဘောကို ၀င်ရောက်စီးနင်းပြီး သင်္ဘောသားများအား သတ်ဖြတ်ခဲ့ရာတွင် မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းအာဏာပိုင်များ၏ စွပ်စွဲမှုများလည်း ထွက် ပေါ်ခဲ့သည်။
မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် ထိုင်းနိုင်ငံက အလိုရှိနေသူများစာရင်းတွင် မူးယစ်ရာဇာနော်ခမ်းအပြင် မြန်မာနိုင်ငံသားများဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် နှင့် ယင်းဆေး တို့လည်း ပါဝင်သည်။

Tuesday, April 24, 2012
ဒေါ်စုအကြောင်း သောင်းပြောင်းထွေလာ
( ကျော့ပိုင် သေသေခြာခြာဖတ်ထားဖို့တို့လိုမယ်)
ကိုယ့်နိုင်ငံရဲ့အရေးကို အဖက်ဖက်မှ ရှူ့မြင်သုံးသပ် နိုင်ဖို့ ဗဟုသုတ အဖြစ်ဒီ post ကိုတင်လိုက်ခြင်း
သာဖြစ်ပါတယ်။စာ များများဖတ်လေ ဗဟုသုတ များများရလေ ပဲမဟုတ်ပါလား။နောင်တ ချိန် မှာနိုင်ငံ
ရေးအပြောင်းအလည်းဖြစ်လာ လိမ့်မယ်။အဲ့ဒီ အချိန်ကြ ရင်ဝေဖန်သုံးသပ် နိုင်မယ့်အချက်လက်ကောင်း
လေးတွေ ဖြစ်လာနိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က စပြီး ရေတွက်ကြည့်ပါ။ ဒီကနေ့ ရက်ပေါင်း ၂၄၆ ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ လ အရေအတွက်နဲ့ကြည့်ရင် ရှစ်လ စွန်းစွန်းရှိပါပြီ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်ပင် ထပ်မံတွေ့ဆုံပြီးသွားပြန်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အကြားမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ ယနေ့အထိ ပြည်သူလူထုကို နှစ်ဖက်စလုံးက အမှောင်ချထားဆဲဖြစ်ပါတယ်။
အလားတူပဲ ဦးအောင်ကြည်နဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ယေဘုယျဆန်တဲ့ ထုတ်ပြန်ချက်တွေကလွဲလို့ ပြည်သူလူထုအနေနဲ့ ဘာတခုမှ သိခွင့်မရခဲ့ပါဘူး။ အတိတ်ခပ်လှမ်းလှမ်းကို ပြန်ကြည့်ပြန်ရင်လည်း ဦးခင်ညွန့်လက်ထက်က ဒေါ်စုနဲ့ စစ်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ကြတဲ့ကာလမှာ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။
စစ်အစိုးရဖက်က မပွင့်လင်းတာဟာ အံ့သြစရာမရှိပေမယ့် လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သူမကို ထောက်ခံတဲ့လူထုအပေါ် တခွန်းတပါဒ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ ဒေါ်စုအနေနဲ့ လူထုကို မယုံကြည်လို့လား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်သူကို ချပြလောက်စရာ လောက်လောက်လားလား အကျိုးရလဒ်တွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့လားဆိုတာ တွေးစရာဖြစ်လာပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစပိုင်းကာလမှာ ဒေါ်စုက ပြည်သူလူထုကို ထိုက်သင့်တဲ့အချိန်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အသိပေးမယ်လို့ (ပထမဆုံး ပဲခူးခရီးစဉ်အတွင်းမှာ) ပြောခဲ့ဖူးပါတယ်။ နောက်တခါ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံစဉ်က ပြည်သူကို ဖွင့်ပြောဖို့ကိစ္စနဲ့ ပတ်သက်ပြီး...“ဒီကိစ္စမျိုးဆိုတာ ရေရှည်အချိန်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်” ဆိုတဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာ ပြောစကားအရ "ဒေါ်စုက အချိန်ကာလ တခုတောင်းတယ်။ အဲဒီကာလ လွန်မြောက်ရင် သူမှားရင်လည်း ဒေါ်စုက တာဝန်ယူမယ် ဆိုတာမျိုး ပြောခဲ့ပါသတဲ့။”
ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေသာ ချမှတ် အကောင်အထည်ဖော်သွားတယ်၊ ဒီကနေ့အထိ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် ကတိမတည်ပဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေါ်စုအတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါ။ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်ဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်သာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုအနေနဲ့ ပြည်သူလူထုအပေါ်မှာ ဘာမှ ထိန်ချန်စရာအကြောင်းမရှိလို့ပဲဖြစ်ပါတယ်။
လမ်းစဉ်နဲ့ အချိန်ဇယား
ဒေါ်စု ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းသုံးချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်သုံးချက်ကို ဦးစားပေးဖော်ပြထားပေမယ့် ဒီအချက်တွေကို ဘယ်ပုံဘယ်နည်းဖော်ဆောင်မယ်၊ ဘယ်အချိန်မှာ ဘယ်အဆင့်ကို ရောက်ဖို့ရည်မှန်းတယ်၊ ဘယ်လောက်ကြာမယ် စတဲ့ လမ်းစဉ်အဆင့်ဆင့်နဲ့ အချိန်ဇယားတွေကို ပြည်သူအများ နားလည်အောင် တိတိကျကျ ရှင်းလင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ( ဖေ့စ်ဘွတ်ပေါ်က ဒေါ်စုရဲ့ အမာခံပရိသတ်ကတော့ ဒီသုံးချက်ကိုတောင် ရေရေရာရာ သိရှာကြပုံ မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးလိုက်တိုင်း ဝေဝါးနေကြတာကို သတိထားမိပါတယ်။)
ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းကို ဝင်ရောက်ပြီး လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ အင်အားစုတွေအကြား ဝင်ရောက်စည်းရုံးပြီး ပြင်ဆင်သွားမယ်လို့ ပြောသွားပေမယ့် ဘယ်လို အခက်အခဲတွေရှိပြီး၊ အဲဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်းကျော်လွှားမယ်ဆိုတာကို ရေရေရာရာ ချပြနိုင်ခြင်းမရှိပါ။ အခုအထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေအရ အနှစ်ချုပ်ကြည့်ရင် အဖွဲ့ချုပ်အနေနဲ့ “ရလိုရငြား ဝင်ပြီး ကြိုးစားကြည့်မယ်” ဆိုတဲ့ သဘောသဘာဝထက် မပိုတာကို တွေ့ရပါလိမ့်မယ်။
ဘယ်အရာမှာမှ စိုက်လိုက်မတ်တတ် ပြီးမြောက်အောင်မကြိုးစားပဲ နည်းတခုမအောင်မြင်တိုင်း နောက်တနည်း ပြောင်းစမ်းကြည့်ကြဦးစို့ ဆိုသလို တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလက်တည့်စမ်းစရာတခုအဖြစ် သတ်မှတ်တာမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နစ်နာလှပါတယ်။
ဒေါ်စုကတဖက်၊ ပါတီကတဖက်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကာစက ဒေါ်စုနဲ့ သူမရဲ့ ပါတီ (အင်န်အယ်လ်ဒီ)ကို တကွဲစီဖြစ်အောင် စစ်အစိုးရကြိုးပမ်းနေတယ်ဆိုတဲ့ အသံမျိုးတွေ၊ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိခဲ့ကြတာကို သတိရမိပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ စစ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင်ရေးသားခဲ့ရာမှာ ပါတီကို ကိုယ်စားမပြုဘဲ သူမတဦးတည်းအနေနဲ့ ရေးသားတဲ့အခါ သို့လော၊ သို့လောတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်း စစ်အစိုးရနဲ့ ဒေါ်စုအကြားတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါမှာလည်း ဒေါ်စုဟာ ပါတီကို ကိုယ်စားမပြုဘဲ တကိုယ်တော်သွားရောက်တွေ့ဆုံ၊ ဆွေးနွေး၊ ဆုံးဖြတ်တာတွေကို မြင်လာရတဲ့အခါ စစ်အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဘေးချိတ်ပြီး ဒေါ်စုတယောက်တည်းကိုသာ ဖဲ့ထုတ်ယူဖို့ ကြိုးစားယူနေတယ်ဆိုတဲ့ အမြင်မျိုးတွေ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူတွေအကြားမှာ ကြီးထွားလာခဲ့တာကို သတိထားမိပါတယ်။
ဒေါ်စုအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ပါတီရဲ့ စီအီးစီ အဖွဲ့ဝင်တွေကိုတောင် အသိမပေးတဲ့အတွက် စီအီးစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့ဘာမှ မသိကြောင်း မီဒီယာတွေမှာ ပြောဆိုဝန်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်အစိုးရက ဒေါ်စုနဲ့ ပါတီကို ခွဲဖို့ကြိုးစားတာ ဟုတ်မဟုတ် မသေချာပေမယ့် ဒေါ်စုရဲ့ လုပ်ပုံကိုင်ပုံ ပြုမူပုံကြောင့် ပါတီရဲ့ စီအီးစီနဲ့ဒေါ်စု ကင်းကွာနေခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။
ဒီအတောအတွင်းမှာ ဒေါ်စုရဲ့ ပါတီတွင်း ပြမူဆောင်ရွက်ပုံတွေဟာ အဖွဲ့အစည်းပုံစံထက် အာဏာရှင်ဆန်နေတာကို အကဲခတ်မိပါတယ်။ ပါတီကို မှတ်ပုံတင်ဖို့ဆုံးဖြတ်ပြီး ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ကာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ပုံစံမျိုး ပြန်လည်ဖွဲ့စည်းလိုက်ချိန်မှာ ဒေါ်စုနဲ့ (မှတ်ပုံမတင်မီ)မူဝါဒပိုင်းအရ ကွဲလွဲခဲ့ဖူးတဲ့ ဦးဝင်းတင်ကို နာယက အဖွဲ့ထဲကို ထည့်သွင်းလိုက်တာကို တွေ့ရပါတော့တယ်။
ပါတီတွင်း ဒီမိုကရေစီမရှိဘဲ ပါတီခေါင်းဆောင်တဦးတည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေရင် ပါတီဟာ အနှေးနဲ့အမြန် ကျဆုံးနိုင်ပါတယ်။
ခုတမျိုး၊ တော်ကြာတမျိုး
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောခဲ့တာတွေကနေ ဂငယ်ကွေ့ကွေ့ပြီး ဆန့်ကျင်ဖက်ကို ပြောင်းပြန်လျှောက်တဲ့ လုပ်ရပ်မျိုးဟာ မဆန်းတော့ပါဘူးလို့ ပြောရလောက်အောင် ထပ်တလဲလဲဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
ပထမဦးဆုံးနဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကနေ... “စစ်အစိုးရနဲ့မတူတာဘေးဖယ် တူတာတွဲလုပ်”ဆိုတဲ့ မူအထိ ပြောင်းလဲသွားခြင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်စဉ်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပပျောက်စေရေး မူကို လက်ကိုင်ထားခဲ့ပေမယ့် အခု “မတူတာဘေးဖယ် တူတာတွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည့်ပုံအောက်ခေါင်းလျှိုဝင်လိုက်တဲ့အခါ” မှာ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို သဘောတူခွင့်ပြုလိုက်ရာရောက်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာမှာ ၁၈၀ ဒီဂရီ ချိုးကွေးလိုက်တဲ့ အပြောင်းအလဲကြီးပဲ ဖြစ်ပါတယ်။
ဒီပြောင်းလဲမှုကြီးအပေါ်မှီတည်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းကနေ ဂငယ်ကွေ့ ချိုးကွေ့ခဲ့ပါတယ်။ မှတ်ပုံတင်စရာမလိုဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ အော်ခဲ့ရာကနေ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်အထိ နှစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့ပြန်ပါတယ်။
တခါ ရွေးကောက်ပွဲမဲဆွယ်တဲ့မိန့်ခွန်းမှာ စစ်ဖက်ကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်မှုဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်မယ်၊ ဖယ်ထုတ်မယ်” ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာ “၂၅%ကို ကျမ ဖယ်ထုတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ကျမ်းသစ္စာစာသားကြောင့် လွှတ်တော်တက်မတက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဥာဏ်ဝင်းတို့ တောင်ပြောမြောက်ပြောလုပ်နေတာတွေဟာ သူတို့ကို ထောက်ခံသူတွေအကြားမှာပင် ရှုပ်ထွေးမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေတာကို တွေ့မြင်နေရပါတယ်။
ခြုံကြည့်ရင် ဒေါ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲမြန်မှု၊ စကားကို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲပြောတတ်မှုတွေဟာ သူ့ကို ထောက်ခံသူတွေအကြားမှာရော၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးမှာပါ ရှုတ်ထွေးမှုတွေ၊ မလိုအားအပ်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မီဒီယာတွေနဲ့ စကားမပြောမီမှာ ဒေါ်စုကို ပေါ်လစီပိုင်းဆိုင်ရာ အကျဉ်းချုပ် အစီရင်ခံသူ(briefing) အကြံပေးတဦး ထားသင့်တယ်လို့ ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားစုတွေကို အမှန်တကယ် စုစည်းပေးနိုင်ရဲ့လား
ဒေါ်စုလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ညံလာတဲ့အသံတွေအနက် “ဒီအချိန်မှာ ညီညွတ်ဖို့လိုတယ်၊ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ဝန်းရံရမယ်” ဆိုတဲ့ အသံဟာ အကျယ်လောင်ဆုံးဖြစ်ပါတယ်။ ညီညွတ်ဖို့လိုတာကို အငြင်းပွားဖွယ်မရှိပေမယ့် ဘာအတွက် ညီညွတ်ကြမှာလဲ။
ကျနော်တို့ဟာ စစ်တံပိုးအောက်ကနေ ရုန်းထွက်လွတ်မြောက်ဖို့မှာ ညီညွတ်ကြမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်ကြမယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ညီညွတ်ကြမယ်။ ဒါတွေအတွက် ကွဲလွဲစရာမရှိပါဘူး။ ဒါပေမယ့် စစ်ကျွန်သက်ကို ရှည်အောင်လုပ်တဲ့နေရာမှာ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ်ပါလိုက်ပြီး ညီညွတ်စရာမလို။ ဝန်းရံစရာမလို။ စစ်အာဏာရှင်နဲ့ မတူတာဘေးဖယ် တူတာတွဲလုပ်တဲ့ကိစ္စတွေမှာ ညီညွတ်စရာ၊ ဝန်းရံစရာမလို။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ ဖိနှိပ်ခံတွေအကြားမှာ ဘုံအကျိုးတူညီချက် မရှိလို့ဘဲ။
ဒါ့အပြင် တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ၊ အလုပ်သမားတွေ လုပ်ခအနှိမ်ခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ကိစ္စ၊ ဘာသာခြားလူနည်းစုတွေ ဖိနှိပ်အနိုင်ကျင့်ခံရမှုကိစ္စတွေမှာ ဒေါ်စုအနနဲ့ အဖိနှိပ်ခံဖက်က မရပ်တည်ဘဲ နှစ်ဘက်စလုံးကို သဘောထားကြီးဖို့ ကြားဝင်တိုက်တွန်းမှုတွေဟာ အဖိနှိပ်ခံတွေအတွက် အားတက်စရာ ဖြစ်မလာသလို သက်ဆိုင်ရာ တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာခြားတွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေပါတယ်။
စစ်မှန်တဲ့လူထုခေါင်းဆောင်တယောက်ဟာ လူထုကြုံတွေ့နေရတဲ့ ပြဿနာအဝဝကို နေ့ညမဆိုင်း လူထုဖက်က ဝင်ရပ်ပေးလေ့ရှိပါတယ်။ လွှတ်တော်ထဲရောက်မှ၊ ဥပဒေပြင်ပြီးမှ၊ တရားဥပဒေစိုးမိုးမှ စသဖြင့် နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေလို့မရပါ။
ပြည်သူ့အသံ အစစ်အမှန်ကို နားထောင်ပါ...
ဒေါ်စုလွတ်လာကာစက ပြည်သူအသံကို နားထောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူ့အသံအစစ်အမှန်ဟာ.. ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ “အမေက ကျက်သရေရှိလိုက်တာ၊ လှလိုက်တာ” ဆိုတဲ့ ပေါ့ပျက်ပျက် အသံမျိုးတွေ မဟုတ်သလို၊ ဒေါ်စုအနီးမှာ လက်ရှိဝန်းရံနေကြတဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်သိ အပါးတော်မြဲတွေရဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ အောက်ခြေနဲ့ ကင်းကွာနေတဲ့ အသံတွေလည်း မဟုတ်ပါ။
တိုင်းရင်းသားတွေ အပါအဝင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်း၊ ဘာသာခြားစတဲ့ ပြည်သူပေါင်းစဉ် တွေ့ကြုံခံစားနေရတဲ့ လူမှုဒုက္ခအဝဝနဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ရင်တွင်းက ပွင့်ထွက်လျှံကျလာတဲ့အသံတွေသာလျှင် ပြည်သူ့အသံစင်စစ်ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အသံတွေကို မသိကျိုးကျင်ပြုမယ့်အစား ဖိနှိပ်ခံပြည်သူဖက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးမယ်ဆိုရင် ပြည်သူ့အသံကို အမှန်တကယ် နားထောင်ရာ ရောက်ပါလိမ့်မယ်။
ဒီမှတ်စုကို ဖေ့စ်ဘွတ်ပေါ်မှာ ဘလော့ဂါမိတ်ဆွေတယောက်ရေးသားတဲ့ မှတ်ချက်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
"နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"

ဝံပုလွေရဲ့ ဒဿန
(၁) ဝံပုလွေတွေဟာ ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့ အနေနဲ့ဆိုပြီး ကိုယ်ငယ်ရွယ်အားပျော့ချိန်မှာ ကိုယ့်ထက်အင်အားကြီးမားသူကို
မတိုက်ခိုက်ဘူး။
(၂) တကယ်လို့ မဖြစ်မနေ ကိုယ့်ထက်အင်အားကြီးသူကို တိုက်ခိုက်ရတော့မယ်ဆိုရင် အုပ်စုအင်အားနဲ့ပဲ တိုက်ခိုက်တယ်။
(၃) ဝံပုလွေလည်း တောဘုရင်ဖြစ်ချင်တာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ဝံပုလွေဆိုတာကို သူတို့သိတယ်။
(၄) ဝံပုလွေတွေက ကုန်ကျမှုနည်းနည်းနဲ့ အကျိုးအမြတ်များများအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။
(၅) ဝံပုလွေတွေဟာ တစ်ကိုယ်တည်းလှုပ်ရှားတတ်တယ်ဆိုပေမယ့် သူတို့ဟာ စည်းရုံးမှုအကောင်းဆုံး တိရစ္ဆာန်ဖြစ်တယ်။
ထိခိုက်ဒဏ်ရာရတဲ့ ကိုယ့်အဖော်ကို တစ်ကောင်တည်းထားပြီး သူတို့ထွက်မပြေးတတ်ဘူး။
(၆) ဝံပုလွေတွေလည်း ရိုးသားဖြူစင်တဲ့ တိရစ္ဆာန်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစာအိမ်က အသားငါးတွေကိုပဲ အစာခြေနိုင်ခဲ့တယ်။
ဒါကြောင့် သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဖမ်းမိတဲ့သားကောင်ကို ပြောင်ပြောင်စင်စင် စားလိုက်တာပါပဲ။ ရိုးသားဖြူစင်တယ်လို့
ကိုယ့်ကိုယ်ကိုထင်သူတချို့က မမြင်ကွယ်ရာမှာ မရိုးသား၊ မဖြူစင်တဲ့အလုပ်တွေ လုပ်နေတတ်ကြပါတယ်။
(၇) ဝံပုလွေတွေဟာ ကိုယ့်ပြိုင်ဖက်ကို အလေးထား၊ လေးစားတယ်။ ကိုယ့်ပြိုင်ဖက်နဲ့ မတိုက်ခိုက်ခင် ပြိုင်ဖက်အကြောင်းကို လေ့လာထားတတ်တယ်။
ပြိုင်ဖက်ကို ဘယ်တော့မှ ပေါ့ပေါ့မတွက်ဘူး။ ဒါကြောင့် ဝံပုလွေတွေဟာ တိုက်ခိုက်တိုင်း ရှုံးနိမ့်သလောက် မရှိခဲ့ပါဘူး။
(၈) ဝံပုလွေအဖိုဟာ
ဝံပုလွေအမ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဝံပုလွေမကို စောင့်ရှောက်တော့တယ်။
ရင်သွေးငယ်မွေးဖွားပြီး ရင်သွေးငယ်ကိုယ်တိုင် လမ်းလျှောက်နိုင်၊
အစာရှာနိုင်တဲ့အထိ
စောင့်ရှောက်တယ်။ ဝံပုလွေတွေဟာ သာမန်အားဖြင့် တလင်တမယားကို ပိုအသားပေးတယ်။
ကိုယ့်အဖော်အသက်ရှင်နေသရွေ့ သက်ဆုံးတိုင်အတူနေတယ်။
ကိုယ့်အဖော်သေဆုံးသွားပြီဆိုမှ
တခြားအကောင်နဲ့ နေတတ်တယ်။ ဝံပုလွေတွေဟာ သစ္စာရှိတယ်။ ဒါကြောင့်
ရက်စက်တဲ့အသဲနှလုံးရှိသူတွေကို ဝံပုလွေနဲ့မနှိုင်းစေချင်ဘူး။
(၉) ဝံပုလွေမိဘတွေဟာ ကိုယ့်ကလေးတွေ ကိုယ်တိုင်အစာရှာနိုင်၊ ကိုယ့်ကိုယ်ကိုအားကိုးနိုင်ပြီဆို သူတို့အနားကခွာတယ်။
တကယ်လို့ ဝံပုလွေဟာ ဝံပုလွေလို မကျင့်ကြံရင် သိုးပဲဖြစ်မယ်ဆိုတာကို ဝံပုလွေတွေသိလို့ဖြစ်တယ်။
(၁ဝ) ဝံပုလွေတွေဟာ
အစာလို့လို ကိုယ့်သိက္ခာကိုတောင်မငဲ့ဘဲ သခင်ကို အမြီးနှံ့ပြတတ်သူ မဟုတ်ဘူး။
ဝံပုလွေတွေဟာ မာနထောင်လွှား စိတ်ကြီးဝင်တာကို မကောင်းဘူးဆိုတာသိတယ်။
ဒါပေမဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်နေရတယ်ဆိုတာကိုတော့သိတယ်။
မူရင်း-- http://www.lz13.cn/weirenchushi/20100522360.html
နိုင်းနိုင်းစနေ
KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်
ဓာတ်ပုံ ASSOCIATED PRESS
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင်
လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေအကြားမှာ အခုရက်ပိုင်း
တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့
တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO
ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်
နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့
ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ
ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာ တ၀ိုက်မှာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် တိုက်ပွဲပေါင်း ခြောက် ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ KIA ဗဟို ဌာနချုပ်ဟောင်း ရှိရာ ပါဂျောင်ဒေသနဲ့ လိုင်ဇာဒေသ ကြားက နားပေါ့လို့ခေါ်တဲ့ အစိုးရတပ်စခန်းမှာ လေကြောင်းအကူအညီနဲ့ တပ်အင်အား ဖြည့်တင်းတာတွေ မြန်မာတပ်တွေဘက်က လုပ်ခဲ့ပြီး KIA ဌာနချုပ်ကို ပစ်မှတ်ထား ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် က အခုလို ပြောပါတယ်။
“အဖြစ်များတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် နဲ့ နီးတဲ့ ဒေသတ၀ိုက်ပေါ့နော် အဲ့ဒီမှာ အဖြစ်များ တယ်ခင်ဗျ။ သူတို့ရဲ့ ရည်မှန်းချက်က တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ နီးသထက်နီးအောင် စစ်ဆင်ရေး လုပ်တာမျိုး၊ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ထန်းကုန်းတွေကို ထိုးစစ်လုပ် သိမ်းပိုက်တာမျိုး ပုံမှန် လုပ်နေကြတယ်ခင်ဗျ။ နောက်ပြီးတော့ လေကြောင်းအကူနဲ့ သူတို့ တပ်အင်အား ချပေးတာမျိုး လက်နက် ခဲယမ်းမီးကျောက် တွေကို လေကြောင်းအကူနဲ့ ပို့ပေးတာမျိုး လုပ်နေကြတယ်ခင်ဗျ။ သိသာထင်ရှားတာက ဘာလဲဆိုတော့ သူတို့ရဲ့ အခု တိုက်ပွဲတွေဟာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ကို အဓိက ဦးတည်နေတယ် ဆိုပြီးတော့ ခန့်မှန်းပြောဆိုလို့ရတယ်ခင်ဗျ။ တိုက်ပွဲတွေမှာလည်း သူတို့က လက်နက်ကြီးတွေကို ပိုပြီးတော့ အသုံးပြုတာ များလာတယ်။ အရင်ကထက် လက်နက်ကြီးတွေကို သူတို့ အင်နဲ့အားနဲ့ဖြည့်ပြီးတော့ ပစ်ခတ်တာမျိုး၊ KIO တပ်စခန်းတွေရှိမယ်လို့ ခန့်မှန်းမိတဲ့ နေရာတိုင်းကို သူတို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဒီလိုမျိုး ဆက်တိုက် လုပ်လာတယ်။ ဒါတွေက ထူးခြားချက်လို့ ပြောလို့ရမယ်ခင်ဗျ။”
ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဘက်ကတော့ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိခဲ့ပါဘူး။ KIA နဲ့ မြန်မာအစိုးရတပ် တွေအကြား တိုက်ပွဲတွေဟာ ကချင် ဒေသအနှံ့မှာ ဖြစ်ပွား နေတာ ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း အခုဆိုရင် ရှစ်သောင်း လောက် ရှိသွားပြီလို့ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး - ဒေသခံတွေအနေနဲ့ ထွက်ပြေးရင်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဖားကန့်မြို့နယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။
“ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းလောက်ကတည်းက အခြေအနေတွေက ဆိုးလာတယ်။ အများဆုံး တိုက်ပွဲဖြစ်တာက ဗန်းမော် ဘက်မှာပါ။ စစ်ပြေးဒုက္ခသည်တွေကလည်း ကချင်ပြည်နယ် တခုလုံး ဆိုရင် ရှစ်သောင်း လောက်ရှိတော့မယ်။ ဒုက္ခသည်တွေက အခု ဗန်းမော် ဘက်ရယ်၊ လိုင်ဇာဘက်ရယ်၊ ကန်ပိုင်တီတို့ ဘက်မှာ ပိုများလာပါတယ်။ ဒီလို တိုက်ပွဲဖြစ်တဲ့ကြားမှာ တချို့တွေက သေနတ်မှန် တာတွေ ရှိတယ်။ တချို့ကျတော့ ဗုံးစတွေထိလို့ သေတာတွေရှိတယ်။”
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အဓိက စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း ပို့ဆောင်ရာ တရုတ် နယ်စပ် ကန်ပိုင်တီ ကုန်သွယ်ရေး လမ်းကြောင်း ကိုလည်း KIA ဘက်ကနေ မနက်ဖြန် အင်္ဂါနေ့ကစပြီး ပိတ်ပစ်တော့မယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီသတင်းကြောင့် တချို့ ခရီးသည်တွေ အနေနဲ့ ဒီကနေ့ တနင်္လာနေ့ကစပြီး မသွားကြတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်ကို မေးကြည့်တဲ့အခါမှာတော့ KIA အနေနဲ့ အရပ်သားတွေ အသုံးပြုတဲ့လမ်းတွေကို ပိတ်ပင်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေအနေနဲ့ သတိထားကြဖို့ကိုလည်း ပြောဆိုထားတာရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်စခဲ့တာ ၂၀၁၁ ဇွန်လကုန်လောက်ကတည်းကပါ။ အဲ့ဒီလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း KIA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဟာ ပြည်နယ် အဆင့်အနေနဲ့ နှစ်ခါ၊ ပြည်ထောင်စုအဆင့်အနေနဲ့ သုံးခါ တွေ့ဆုံခဲ့ ကြပြီးဖြစ်ပေမဲ့ အခုထိတော့ ပြေလည်မှု မရရှိကြသေးပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်တွေဘက်က အခုလို တပ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်မယ့် အလားအလားအပေါ် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် ကတော့
“တိုက်ပွဲတွေ ဘယ်လောက်ပဲဖြစ်ဖြစ် ဒေသငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ တွေ့ဆုံဆွေးနွေးမှု တွေကတော့ လုပ်ရမှာပဲခင်ဗျ။ အဲ့ကိစ္စကိုတော့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာလည်း တောင်းဆို ထားတဲ့အချက်တွေရှိပါတယ်။ အခု ကချင်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေ ပြန်ရုတ်သိမ်း ဖို့ရယ်၊ ပြဿနာတွေဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ တပ်တွေ အနေအထားကို နှစ်ဦးနှစ်ဘက် အကြေအလည် ဆွေးနွေးပြီးမှပဲ ဖြေရှင်းပေးဖို့၊ အဲ့ဒီအချက်တွေကို ပထမအဆင့်အနေနဲ့ လုပ်ရမယ်။ အဲ့ဒီအချက်တွေ လုပ်ပြီးတဲ့ အခါမှ သဘောတူညီချက် လက်မှတ်ရေးထိုးကြမယ်။ လက်မှတ်ရေးထိုးတဲ့အခါမှာလည်း အခိုင်အမာ ဖြစ်စေဖို့အတွက် နိုင်ငံတကာရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ အဓိက အချက် နှစ် ချက်ပါပဲခင်ဗျ။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေက အခုထက်ထိ တုန့်ပြန်မှုတော့ မရှိသေးဘူးခင်ဗျ။ သူတို့သာ ကျနော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အရှိန်အဟုန် နဲ့ အကောင်းဘက်ကို ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိုပဲ ပြောဆိုနေကြတော့ အဲ့ဒီမှာ ဘယ်လိုမှ ညှိလို့မရတဲ့ အကြောင်းအရာတွေ ပေါ်လာတယ်ခင်ဗျ။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုတွေကတော့ အပြုသဘောဆန်တဲ့ ရလဒ် တခုမှ မတွေ့ရသေးပါဘူး။”
KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် ဖြစ်ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သွားခဲ့တာ အခုဆိုရင် ၁၁ လနီးပါး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေ ဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာ ဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှု တွေ နဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ကချင် ဒုက္ခသည်အရေး ဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။
ဒါပေမဲ့လည်း မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ KIA တပ်တွေက လမ်း တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ တပ်သားသစ် စုဆောင်းတာတွေ ရှိတယ်ဆိုပြီး ဖော်ပြရေးသားနေတာကြောင့် KIA နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ရနိုင်ဖို့အနေအထားဟာ မရေရာလှသေးဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

Monday, April 23, 2012
တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယခုအစားထိုးခန့်အပ်လိုက်သူများ
ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။
၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။
ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။
Thursday, April 19, 2012
KIO အဖွဲ့နှင့်ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေးအခြေအနေ
ရွေးကောက်ပွဲကာလတွင်ပြည်သူလူထုအထိတ်အလန့်ဖြစ်စေမည့်ကိစ္စများမပြုလုပ်ရန်
ဒေါ်အောင်ဆန်းစုကြည်က
KIO အဖွဲ့ကို တောင်းပန်ခဲ့ကြောင်း ဗိုလ်ချုပ်
အက်စ်ဂွန်မော် ရုံးမှ
အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
KIA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်
KIO နှင့်အစိုးရကြား
ဒေါ်စုကြည်ကကြားဝင် ညှိနှိုင်းဆွေးနွေးပေးရန် သမ္မတဦးသိန်းစိန်ကို တင်ပြ ထားပြီးဖြစ်ကြောင်း၊ KIO
အဖွဲ့အနေဖြင့် တရုတ်နိုင်ငံကို အားမကိုးရင် အမေရိကန်နှင့် EU နိုင်ငံများ၏ အထောက်အပံ့များရရှိအောင် သူမက လုပ်ဆောင်ပေးနိုင်ကြောင်း၊ NLD
အာဏာရရှိလာရင် (သူသာသမ္မတ ဖြစ်လာရင်) တိုင်းရင်းသားများလိုချင်သည့် Federal
Union ကိုရအောင် လုပ်ပေးနိုင်ကြောင်း KIO
သို့ ဆက်သွယ်ပြောကြားထားကြောင်း
ဦးခွန်သာမြင့်ထံမှ သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏
ဆက်သွယ်ပြောကြားမှုကို KIO
ဥက္ကဋ္ဌ ဦးအင်ဘန်လှနှင့်
ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အက်စ်ဂွန်မော် တို့က လက်ခံသော်လည်း
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က လက်မခံကြောင်း၊ ဗိုလ်ချုပ်ဂမ်ရှောင်သည် ဧပြီ(၁၀)ရက်နေ့က တရုတ်နိုင်ငံ၊ မန်စီမြို့တွင်
တရုတ်ထောက်လှမ်းရေး အဖွဲ့နှင့် တွေ့ဆုံပြီး KIO အဖွဲ့ကို အမေရိကန် နိုင်ငံက ဒေါ်စုကြည်ထံမှတဆင့် အထောက်အပံ့များပေးမည့် ကမ်းလှမ်းမှု
များရှိနေကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
အစိုးရစစ်တပ်နှင့် KIO
အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
အချိန်ဆွဲ ထားပြီး
အမေရိကန် အထောက်အပံ့ကို
အသုံးချ၍ နိုင်ငံရေးကစားကွက်အနေဖြင့် KIO အဖွဲ့အပေါ် သူမသြဇာရှိလာအောင် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်
ဂမ်ရှောင်မှ စွပ်စွဲပြောကြားထားပါသည်။
ထိုကိစ္စအတွက် KIO နှင့် KIA ခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး၊ KIA
စစ်ဦးစီးချုပ် ဗိုလ်ချုပ်
ဂမ်ရှောင်က စစ်ရေးအောင်မြင်မှုရရှိမှသာ
နိုင်ငံရေးဆွေးနွေးမှုတွင် ကိုယ်လိုချင်တာရရန်အတွက် စစ်ရေးအရှိန်မြှင့်ရန်
အမိန့်ထုတ်ပြန်ထားပါသည်။
ဗိုလ်ချုပ်
ဂမ်ရှောင်က ကချင်အရေးကိစ္စတွင်
အမေရိကန်နှင့် ဒေါ်စုကြည်တို့ ကြားဝင် ဆောင်ရွက်လာခြင်းကို တရုတ်အစိုးရမှ လက်မခံကြောင်း၊ စစ်ရေးအရ
ရှုံးနိမ့်မှုများ ဖြစ်နေသော်လည်း KIA
အဖွဲ့အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးသွားမည်ဖြစ်ကြောင်း၊ ဒေါ်စုကြည်ကို
ပုဂ္ဂိုလ်ရေးအရ လေးစားသော်လည်း
ကချင်လူမျိုးရေးကိစ္စတွင် သူမရဲ့ ဦးဆောင်မှုကို မလိုလားကြောင်း မန်စီမြို့တွင် ကချင်မျိုးနွယ်စု
ခေါင်းဆောင်များကို ထုတ်ဖော်ပြောကြားထားပါသည်။
Subscribe to:
Posts (Atom)