Burma Office Director ဒေါက်တာမြင့်ချိုနှင့် Terrell Aung (SBS) ရေဒီယိုတို့ တွေ့ဆုံးမေးမြန်းခန်း
၂၀၁၂ ခု နှစ် ဧကြီလ (၂၅) ရက်နေ့တွင် လွှင့်သွားသည်။
SBS - ဒေါက်တာမြင့်ချိုခင်ဗျား အခုလို ကျနော်တို့ SBS ရေဒီယိုနဲ့
စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျနော်ပထမဆုံး
မေးချင်တာကတော့ မြန်မာပြည်မှာ ပါလီမန်ထဲမှာ NLD ပါတီအနေနဲ့
ဝင်ရောက်ဖို့အတွက် ကျမ်းကျိန်မှုနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ
ဖြစ်နေတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုအနေနဲ့ ဘယ်လိုမြင်သလဲ။
ဒေါက်တာမြင့် ချို - NLD ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက်
ဂတိပြုခြင်းဆိုင်ရာ စာသားဖြစ်တဲ့ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ" ကို
ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာ အစား "လေးစားလိုက်နာပါမယ်" လို့
ပြင်ပေးဖို့ တောင်းဆိုထားတဲ့ကိစ္စဟာ ဝေါဟာရကိစ္စလေးတခု မဟုတ်ဘဲ
အယူအဆပိုင်းဆိုင်ရာ ကိစ္စရပ်လို့ပါ ကျနော်မြင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်သူလူထုရဲ့ အကျိုးအတွက်
ရှေ့ရှုရေးဆွဲထားတဲ့အပြင် ပြည်သူလူထုကြီးကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတတဲ့
လူထုဆန္ဒခံယူပွဲတွေနဲ့ မဲပေးအတည်ပြုပေးခဲ့တာမို့လို့
သူတို့ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီဖွဲ့စည်ပုံ အခြေခံဥပဒေကို
"ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်" လို့ ဂတိပြုကြတာ သဘာဝကျပါတယ်။
ဒါပေမမဲ့ မြန်မာနိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြည်သူလူထုရဲ့
အကျိုးကို မရှေ့ရှုတဲ့အပြင် အတုအယောင် လူထုဆန္ဒခံယူပွဲကြီး လုပ်ပြီးတော့
လူထုကို မတရားခြိမ်းချောက် မဲပေးခိုင်းတာရော၊ မဲလိမ်ပြီး
တခဲနက်ထောက်ခံပါတယ်ဆိုပြီး အဓမ္မ အတည်ပြုခဲ့တာမို့ ဒါကြီးကို
"ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်" လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက
ဂတိသစ္စာမပြုနိုင်တာ မှန်ကန်တယ်လို့ ကျနော် ယူဆပါတယ်။
SBS - အဲဒီတော့ အခုလောလောဆယ်ဆယ်မှာ ဖြစ်နေတာကတော့ ဒီသတင်းတွေမှာ
ပါနေတာကတော့ ပါလီမန်ထဲံမှာ အများစုက ကြံ့ဖွတ်က ဖြစ်နေတယ်။
အဲဒီလိုပြောင်းလဲဖို့ဟာ 75% လိုတယ် ပြောပါတယ်။ အခုကြံ့ဖွံ့က ပြောနေတာကတော့
သူတို့လုံးဝကို ဒီပြောင်းလဲဖို့ကို စိတ်လည်းမ၀င်စားဘူး၊
ထောက်လည်မထောက်ခံဘူး ပြောတော့ တကယ်လို့ ဒီစားသားကို
မပြောင်းလဲနိုင်ဘူးဆိုရင် NLD အနေနဲ့ ရှေ့ဆက်ပြီး ဘာလုပ်မယ်လို့
စိတ်ကူးတယ်လို့ ထင်ပါသလဲ။
ဒေါက်တာမြင့်ချို - ပထမတချက်ပြောချင်တာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ
တချို့ကိစ္စတွေဟာ သူတို့ပြောသလို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်
ရာခိုင်နှုန်း (၂၀) ကျော်ကနေ အဆိုတင်မှ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် (၇၅)
ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရတာဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့
အဲသည်လိုပြောမယ်ဆိုရင် အရင်တုန်းက NLD ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပေါ့ဗျာ အဲဒီမှာ ပါတဲ့ပုဒ်မအရ
ဆိုလို့ရှိရင် ပါတီတရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြဌာန်းထားတာဗျ။ ပါတီတရပ်အနေနဲ့ NLD
က ဒီမတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ရမယ်ဆိုတာကို လက်မခံတဲ့အတွက်ကြောင့် ပါတီကို မှတ်ပုံလည်း
မတင်ခဲ့ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ခဲ့ဘူး။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့
သမ္မတ ဦးသိန်းစိန်တို့ တွှေ့ဆုံဆွေးနွေးပြီးတော့ သူတို့အနေနဲ့
ညှိနှိုင်းပြီးတော့ သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်နဲ့
ပြည်ထောင်စုလွှတ်တော်က အဲဒီစာသားအစား "လေးစားလိုက်နာပါမယ်" ဆိုတဲ့စာသားနဲ့
(၂၀၁၁) ခုနှစ် နိုဝင်ဘာလမှာ အစားထိုး ပြင်ဆင်ပေးခဲ့တယ်ဗျာ။ အဲဒီလို
ပြင်ဆင်ခဲ့တာကြောင့်လည်း NLD ဟာ ရွေးကောက်ပွဲကို ၀င်ဖို့အတွက်လည်း
မှတ်မပုံတင်ခဲ့တယ်၊ ရွေးကောက်ပွဲလည်း ၀င်ခဲ့တယ်၊ တကယ်လည်း (ကြားဖြတ်)
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဗျာ။ အဲသည်လို ပြင်လို့ရတဲ့ အနေအထားတခုကို
ဒီတခေါက်ကျတော့ သမ္မတ ဦးသိန်းစိန်က သူကိုယ်တိုင် ပြည်ထောင်စု လွှတ်တော်ကို
မေတ္တာရပ်ခံတာ မလုပ်တော့ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို
လွှဲပေးလိုက်တယ်။ လွှဲပေးလိုက်တော့ အဲဒီ ခုံရုံးက ဒါဟာ
အကျုံးမ၀င်ပါဘူးဆိုပြီးတော့ ပြောချလိုက်တယ်။ ထို့အပြင် လွှတ်တော် (၂)
ရပ်လုံးမှာ ရှိနေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော
ကြံ့ဖွံ့ပါတီက ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့ ဦးဌေးဦးတို့ရော
ဒါကြီးဟာ ပြင်စရာမလိုပါဘူး ဆိုပြီးတော့ တင်းခံနေကြတယ်ဗျာ။ အဲဒီလိုသာ
သွားမယ်ဆိုရင်တော့ NLD ကလည်း ဂတိသစ္စာပြုတဲ့ကိစ္စကြီးကို မလုပ်နိုင်ဘူး။
ပြင်ဖို့ဆက်ပြီးတောင်းဆိုထားတယ်။ အလားတူပဲ
ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အများစုက မပြင်ပေးနိုင်ဘူးလို့
ပြောနေကြတယ်ဆိုရင်တော့ ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ ဒီလွှတ်တော်ကြီးဟာ
တတိယအကြိမ် ကျင်းပနေတဲ့ ကိစ္စဟာ ဒီလိုပဲ ပြီးသွားမယ်လို့ ထင်ရတယ်။
ဒါဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ သောင်မတင်ရေမကျဘ၀ကို
ပြန်ရောက်မယ်လို့ပဲ ကျနော်မြင်တယ်။
SBS - အဲဒီကျနော်ဖတ်နေရတဲ့ သတင်းတချို့တွေမှာ ဖေါ်ပြထားတာက အခုလို NLD က
လုပ်လိုက်ခြင်းအားဖြင့် ပါလီမန်ထဲမှာရှိတဲ့ Hard liners တွေ
(သဘောထားတင်းမာသူတွေ) ကို ပိုပြီးတော့ မီးစထိုး အားပေးလိုက်သလို
ဖြစ်တယ်လို့ သူတို့ဖေါ်ပြထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့
ဒေါက်တာမြင့်ချိုအနေနဲ့ ဘာပြောချင်ပါသလဲ။
ဒေါက်တာမြင့်ချို - အဲဒီအပိုင်းမှာတော့ နှစ်ခုတော့ ရှိတယ်ဗျ။ ပထမတခုက
ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ ပြည်သူလူထုကို သူတို့
ဂတိပေးထားတာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်
လွှတ်တော်ထဲကို သွားမယ်လို့ တင်ပြထားတာ ရှပါတယ်။ အဲဒီတော့ ပြင်လို့ရတဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့တော့လိုတယ်ဗျ။ နောက်တခုက ဖွဲ့စည်းပုံ
အခြေခံဥပဒေကို နိုင်ငံတကာကနေ ခုနကျနော်ပြောသလို ပြင်လို့ရအောင်ဆိုပြီး
နိုင်ငံတော်တော်များများမှာလည်း "ကာကွယ်စောင့်ရှောက်ပါမယ်" လို့ ကျမ်းသစ္စာ
မဆိုဘူးဗျ။ "လိုက်နာကျင့်သုံးမယ်" သို့မဟုတ် "လေးစားလိုက်နာပါ့မယ်"
(သို့မဟုတ်) "စောင့်ထိန်းပါ့မယ်" ဒီလိုမျိုးတွေ ကျမ်းသစ္စာ
ကျိန်ဆိုတာမျိုးတွေလည်း ရှိတယ်ဗျ။ ဆိုတော့ ဒါတွေဟာ နိုင်ငံတကာကို
မှီညှမ်းပြီးလုပ်တယ်ဆိုရင် ပျော့ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်လို့
ရတဲ့အနေအထားဖြစ်အောင် ပြင်ပေးလို့ ရပါတယ်။ အခု ပိုဆိုးသွားတာက
ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေရော ကြံ့ဖွံ့အမတ်တွေရော ပြင်ချင်တဲ့
ဆန္ဒမရှိအပြင် လွှတ်တော်ပြန်ပြီးကျင်းတဲ့အခါမှာ
တပ်မတော်ကိုယ်စားလှယ်တွေထဲကနေ တော်တော်များများဟာ အရင်က ဗိုလ်မှူးအဆင့်ကနေ
အဲဒီလူတွေကို အနားပေးလိုက်ပြီးတော့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊
ဒုဗိုလ်မှူးကြီးတွေကို အစားထိုးပြီးတော့ လွှတ်တော်ထဲ ပြန်ပို့လာတယ်။
အဲဒီလိုပို့လာတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ခက်ခဲအောင်
ပိုပြီးတော့ ဟန့်တားနိုင်အောင် အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တွေကို
ပို့လိုက်တယ်လို့ အဲဒီလိုသုံးသပ်နိုင်တယ်ဗျ။ ဒါဟာ ကျနော်တို့ အလားအလာ
သိပ်မကောင်းဘူးလို့ မြင်ပါတယ်။
SBS - အစကတည်းက ဒီ Hard Liners တွေ ကြံ့ဖွံ့ပါတီထဲကရော၊ စစ်တပ်ကရွေးထားတဲ့
အမတ်တွေရော အစကတည်းက သူတို့ကိုကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကို
ပါလီမန်ထဲကို ၀င်လာမှာကို သူတို့မလိုလားဘူး၊ ဒါပေမဲ့ သမ္မတ
ဦးသိန်းစိန်ကနေပြီး Pressure (ဖိအား) ပေးလို့သာ သူတို့လက်ခံလိုက်သလို
ဖြစ်နေတယ်လေ။ အဲဒီတော့ အခုလို NLD က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန်
မတက်ဘူးဆိုတော့ သူတို့က ပိုပြီးတော့ သူတို့အနေနဲ့ ပိုသဘောမကျဘူးလား။
ဒေါက်တာမြင့်ချို - အဲဒီလိုတွေးရင်လည်း ရပါတယ်။ နောက်တဘက်က
ပြန်ကြည့်ရင်လည်း ဒီကိစ္စဟာ အရင်တုန်းက အာဏာရှင်ကြီး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီစဉ်ထားတဲ့ကိစ္စပေါ်မှာ အခြေခံပြီးဖြစ်လာတာကိုး။
အဲဒီတော့ ဦးသန်းရွှေကတော့ သူ့အာဏာကို နေရာ ၄ နေရာခွဲပေးခဲ့တယ်။
အစိုးရမှာရယ်၊ လွှတ်တော်နေရာမှာရယ်၊ ပါတီနေရာမှာရယ် တပ်မတော်နေရာမှာရယ်
အခုဟာ အစိုးရခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့
လွှတ်တော်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့က
ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ကိစ္စမျိုးတွေကို များများ လုပ်ပြလာတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ်ပြလာတဲ့အပေါ်မှာ
ပြောင်းလဲမှုကို ဦးတည်တယ်လို့ တကမ္ဘာလုံးက လုံးဝထင်တယ်။ အဲဒီအပေါ်မှာ
(နိုင်ငံတကာ) က အလျှော့ပေးမှုတွေ လိုက်လျောမှုတွေ အများကြီးလုပ်လာတာကို
တွေှ့ရပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်က ခေါင်းဆောင်တွေက ဒီအပေါ်မှာ
ပြန်ပြီးတော့ ရှေ့မတိုးနိုင်အောင် ဟန့်တားချင်တဲ့ သဘောမျိုးရှိတယ်လို့
ကျနော့်အနေနဲ့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ဦးသိန်းစိန်ဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဖြစ်လို့လည်းပဲ
NLD ပါတီမှတ်ပုံမတင်တုန်းက မှတ်ပုံတင်လာအောင်ဆိုပြီးတော့
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၄၀၅) မှာ ပါတဲ့အတိုင်းကို
(ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးခဲ့တာပဲဗျာ
အဲသည်လို ပြင်ပေးနိုင်တယ်ဆိုရင် အခန်း (၄) ဥပဒေပြုရေး ပုတ်မ (၁၂၅) ဇယား (၄)
မှာပါတဲ့ ကျမ်းကျိန်တဲ့စာသားကိုလည်း "လေးစားလိုက်နာပါ့မယ်" လို့
ပြင်ပေးနိုင်ရမှာပေါ့ဗျာ။ အဲဒီတော့ ရှေ့နဲ့နောက် အဆီအငေါ်တည့်ပြီးတော့
ပြင်ပေးမှပဲ အဆင်ပြေမှာပေါ့။ အခု မပြင်ပေးနိုင်ဘူးဆိုတာကို
ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်တို့အပေါ်မှာရော လွှ့တ်တော်ခေါင်းဆောင်တွေ
အပေါ်မှာရော ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်ခေါင်းဆောင်တွေက ဖိအားတွေ များလာပြီး
သတိပေးမှုတွေ များလာပြီး ရှေ့တိုးလို့မရအောင် လုပ်လာပြီးလို့ ကျနော့်အနေနဲ့
သုံးသပ်ပါတယ်။
SBS - ဟို အမေရိကန် State Department က သတင်းစာ
ရှင်းလင်းစာရှင်းလင်းပွဲမှာ ပြောတာကတော့ သူတို့အနေနဲ့ ၀င်မပါဘူး။ အားလုံး
ပြေပြေလည်လည် ညှိနှိုင်းကြဖို့ပဲ သူတို့ပြောထားတယ်ဆိုတော့
ဒါအမေရိကန်အနေနဲ့ရော ဒီကိစ္စမှာ နှစ်ဘက်စလုံးဘက်က မပါဘဲနဲ့ သူတို့ဘေးက
ထိုင်ကြည့်မည့်သဘောမျိုးလို ဖြစ်နေတယ်လို့ ထင်ပါသလား။
ဒေါက်တာမြင့်ချို - ကျနော့်အမြင်က အမေရိကန်အစိုးအရ အပါအ၀င်
ဒီမိုကရေစီနိုင်ငံတွေကနေ သူတို့အနေနဲ့ ဖိအားပေးတာတို့ ညှိနှိုင်းပေးတာတို့
တိုက်တွန်းတယ်ဆိုတာက လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရက ပုဂ္ဂိုလ်တွေနဲ့
လွှတ်တော်ထဲမှာ ရှိတဲ့ခေါင်းဆောင်တွေကို သူတို့လုပ်လို့ရပါတယ်။
လုပ်လို့ရလို့လည်းပဲ အခုအများကြီးပဲ ရှေ့ကိုတိုးတက်ပြောင်းလဲမှုတွေ
အများကြီးဖြစ်လာတယ်။ ဒါကြောင့်လည်း အပေးအယူအဖြစ်နဲ့ပေါ့ဗျာ
ပိတ်ဆိုဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးတယ်၊ အကူအညီတွေ အများကြီးပေးတယ်၊
အသိအမှတ်ပြုမှုတွေ အများကြီး လုပ်လာတယ်။ သို့သော် ဒီနိုင်ငံတွေအနေနဲ့
တဘက်ကပြန်ကြည့်ရင် လက်ရှိမြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို
ဆွဲဆောင်မှုမလုပ်နိုင်ပါဘူး၊ တွန်းအားလည်း မပေးနိုင်ဘူး၊
ဖိအားလည်းပေးနိုင်တာကို သိပ်မတွေ့ရဘူး။ အလားတူ ကြံ့ဖွံ့ပါတီကိုလည်း အဲဒီလို
ဖိအားတွေ ဆွဲအားတွေ တွန်းအားတွေ ပေးနိုင်တာမျိုးတွေ သိပ်မတွေ့ရဘူး။
မတွေ့ရတော့ တဘက်ကပြန်ကြည့်ရင် သူတို့ သြဇာမသက်ရောက်တဲ့ ဗမာ့တပ်မတော်နဲ့
ကြံ့ဖွံ့ပါတီကို အဓိကထားပြီးတာ့ နည်းပေါင်းစုံနဲ့
သူတို့တွန်းအားပေးတာမျိုးတွေ ဖိအားပေးတာမျိုးတွေ ဆွဲဆောင်မှုတွေ
လုပ်ဖို့တော့လိုတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာရဲ့
အဓိက လုပ်ဆောင်ရမည့်ကိစ္စတခုက ဘာလဲဆိုတော့ ပြည်တွင်းအင်အားစုတွေနဲ့
ပေါင်းပြီးတော့ ဦးသိန်းစိန်တို့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးတော့
ကနေ့ ဗမာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေကို ဆွဲအားတွေ၊
ဖိအားတွေ စသည်ဖြင့်ပေါ့ဗျာ နည်းပေါင်းစုံနဲ့ ပေးဖို့လိုအပ်တယ်လို့
ကျနော့်အနေနဲ့ မြင်တယ်။
SBS - နောက်တခုက တကယ်လို့သာ NLD ပါတီက ဒီလိုပြဿနာတွေကိုပေါ့ နှစ်ဘက်က
မဖြေရှင်းနိုင်လို့ NLD ပါတီက ပါလီမန်ကို မသွားဘူးဆိုလို့ရှိရင် သူတို့ကို
ရွေးကောက်တင်မြှောက်လိုက်တဲ့ နယ်မြေက ပြည်သူလူထုအနေနဲ့ရော သူတို့ကို
ဘယ်လိုမြင်မယ်လို့ ထင်ပါသလဲ။
ဒေါက်တာမြင့်ချို - NLD အနေနဲ့ကတော့ အခုဒီလွှတ်တော်ကို
သပိတ်မှောက်တယ်လို့လည်း မဟုတ်ဘူး၊ မသွားဘူးပြောတာလည်း မဟုတ်ဘူး၊
သွားနိုင်ဖို့အတွက် ပြင်ဆင်စောင့်ကြည့်နေတယ်လို့ သူတို့ အဲဒီလိုပြောထားကို
ကျနော်ကြားရပါတယ်။ အဲဒီတော့ တဘက်ကနေ အဲသည်လိုး စောင့်နေတဲ့အချိန်မှာလည်း
ဦးသိန်းစိန်တို့က ပြင်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း
ရှိနေတုန်းပါပဲ။ လူထုလည်း အလားတူပါပဲ လူထုကနေ ဒီအပေါ်မှာ NLD ကို
ဘယ်လုအကြံဥာဏ်တွေ ပေးပြီးတော့ ဘယ်လိုတုန့်ပြန်နိုင်မလဲ ဆိုတဲ့ကိစ္စဟာလည်း
ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ
အခုဆိုရင် လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါတီဖြစ်သွားတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူထုရဲ့စကားကို သူတို့နားထောင်ရပါလိမ့်မယ်။
သူတို့လေးစားရပါလိမ့်မယ်၊ အဲဒီတော့ လူထုက လွှတ်တော်ထဲကို
သွားစေချင်တယ်ဆိုရင်တော့ လူထုဆန္ဒကို လုက်လျောပြီးတော့ သူတို့သွားဖို့တော့
လိုအပ်ပါတယ်။ အဲဒီတော့ လူထုဆန္ဒဟာ ဘာလဲဆိုတောကို သူတို့အရင်ဦးဆုံး
သေသေချာချာ ဆန်းစစ်လေ့လာပြီးတော့ သေသေချာချာ နားထောင်ဖို့
လိုအပ်ပါတယ်ခင်ဗျ။
SBS - ဟုတ်ကဲ့ ဒေါက်တာမြင့်ချို ကျေးဇူးအများကြီး တင်ပါတယ်။
ဒေါက်တာမြင့်ချို - ဟုတ်ကဲ့ ခင်ဗျ။
No comments:
Post a Comment