Sunday, April 8, 2012

မြောက်ကိုရီးယားက တတိယအကြိမ်မြောက် အဏုမြူဗုံး ဖောက်ခွဲမည်ဟု ခြိမ်းခြောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကိုရီးယားပြည်သူ့တပ်မတော် ရေတပ်တပ်မ အမှတ် ၁၅၅ ကို စစ်ဆေးနေစဉ်

ဧပြီလလယ်တွင် ဂြိုဟ်တုပါသော ဒုံးကျည်ပစ်လွှတ်မည့် အစီအစဉ်ကြောင့် အမေရိကန်နှင့် မဟာမိတ်များက မိမိတို့အပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်မည်ဟု ဖိအားပေးလာပါက တတိယအကြိမ်မြောက် အဏုမြူဗုံး ဖောက်ခွဲဖွယ်ရှိကြောင်း ဧပြီလ ၄ ရက်က မြောက်ကိုရီးယားကို လိုလား သည့် သတင်းစာတစ်စောင်က ဖော်ပြသည်။
ကုလလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ၂၀၀၉ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် ပြုံယမ်းက ဒုတိယအကြိမ်မြောက် အဏုမြူဗုံး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဂျပန်တွင် ထုတ်ဝေသော Chosun Shinbo  သတင်းစာက ထောက်ပြခဲ့သည်။ ယင်းသတင်းစာကို ပြုံယမ်း ထောက်ခံသော ကိုရီးယား-ဂျပန်နွယ်ဖွားများ အဖွဲ့အစည်းက ထုတ်ဝေနေခြင်းဖြစ်သည်။
မြောက်ကိုရီးယားက Kwang-myongsong-3 ဒုံးကျည်ပစ်လွှတ်ရန် စီစဉ်ထားမှုအပေါ် အမေရိကန်က ကန့်ကွက်ရှုတ်ချနေခြင်းမှာ ၂၀၀၉ ခုနှစ်၊ ဧပြီလက ဖြစ်စဉ်ကဲ့သို့ဖြစ်အောင် တွန်းပို့နေသလိုဖြစ်ကြောင်း ယင်းသတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး မေလတွင် ဒုတိယအကြိမ်မြောက် အဏုမြူဗုံး ဖောက်ခွဲခဲ့သည်။
မြောက်ကိုရီးယား ဒုံးကျည်ကို မြောက်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းမှ ဧပြီလ ၁၂ နှင့် ၁၆ ရက်အကြား ပစ်လွှတ်မည်ဖြစ်ရာ ဂျပန်အနောက်ဘက်ကို ဖြတ်သန်းသွားဖွယ်ရှိကြောင်း သိရသည်။
မြောက်ကိုရီးယားဒုံးကျည် သို့မဟုတ် ယင်း၏ အပိုင်းအစများ ဂျပန်ပိုင်နက်ကို ခြိမ်းခြောက်လာပါက ဂျပန်ဒုံး ကျည်တပ်ဖွဲ့များက ထောက်လှမ်းပစ်ချရန် ဂျပန်ကာကွယ်ရေးဝန်ကြီး နာအိုကီတာနာကာက ညွှန်ကြားခဲ့သည်။

No comments:

Post a Comment