Sunday, April 8, 2012

ကုလားအုတ်နဲ့ ဝံပုလွေ


အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုတ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ်တစ်မျိုးရှိတယ်။ ကုလားအုတ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာဖြစ်တယ်။

ကုလားအုတ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်တင်ခြေပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုတ်ကပြေးရင် သူနောက်က လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုတ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိခဲ့ရှာဘူး။

ပြေးစမှာ ကုလားအုတ်က ဝံပုလွေလောက် အပြေးမသန်ဘူး။ ပြေးရင်းရှောင်ရင်း ဝံပုလွေရဲ့အပြေး တဖြေးဖြေးနှေးလာတယ်။ ဝံပုလွေနှေးရင် ကုလားအုတ်လည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးတာဖြစ်တယ်။ ကုလားအုတ်နှေးတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုတ် ဆက်ပြေးတယ်။ အားကုန်လုဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် အားကုန်နေတာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုတ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!

ဒါဟာ ကုလားအုတ်က ဝံပုလွေကို သဲကန္တာရနက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုတ်ရဲ့ ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုတ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။
                                                                                           
နိုင်းနိုင်းစနေ

No comments:

Post a Comment