Saturday, July 7, 2012

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတိုက်ပွဲ များပြင်းထန်လာ

ဇူလှိုင်(၁)ရက်၊ ပန်းဆိုင်မြို့  ယီခူရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA တပ်ရင်း ၃၆ မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းတချို့။


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ခမ်းကြား လုံခြုံရေးယူထားသော မြန်မာအစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၉)မှ တပ်ခွဲ (၂) တပ်သားများ ဇွန်လ ၅ ရက်နေ့က နမ်အွမ်တွင် ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထိုးစစ်ဆင် အင်အားတိုးချဲ့လာသော အစိုးရတပ် ကားများကို KIA မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်သားတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကား ၁၂ စီးဟုတ်တယ်။ တစ်စီးပျက်စီးသွားတယ်။ ၂ နာရီလောက်မှာပစ်လိုက်တာ။ သေတယ် ၆ ယောက်။ မြောင်းမှာ သေနေတာ” ဟုပြောသည်။

ထို့အတူ ဇူလိုင်လ ၅ ရက်နေ့မှာပင် ပန်ဝါအထက် နယ်ခြားမှတ်တိုင်(၇) အနီး မြန်မာအစိုးရတပ်ကို KIA တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်လိုက်ရာ မြန်မာတပ်မှ ဒုဗိုလ် ၁ ဦးနှင့် တပ်သား ၆ ဦး ဖမ်းဆီးလိုက်ရပြီး သေနတ် ၉ လက်ကိုလည်း ရရှိလိုက်ကြောင်း ရှေ့တန်း KIA တပ်ပေါင်းစုမှ KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်မြောက်ဘက် ချီဖွေနှင့် အင်မိုင်ခမြစ်(မေခ) ကြားရှိ မန်ဒုန်ကျေးရွာတွင်လည်း ဇူလိုင် ၄ ရက်တွင် မြန်မာအစိုးရတပ် ခလရ ၇၄ တပ်သည် ရွာထဲဝင်ရောက်လာကာ ရွာသားများ၏ ကြက်၊ ဝက်၊ ဆိတ်များကို ပစ်သတ်၍ ဆန်များကိုလည်း လုယှက်ခဲ့ပြီး  KIA တပ်ရင်း (၁၀)နှင့် ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဘက်တပ်မှ သေဆုံးမှုရှိမရှိ မသိရှိရသေးပါ။

မြန်မာအစိုးရမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား ဗန်းမော်နှင့်မူဆယ်တွင် တွေ့ဆုံရန် ပြောဆိုခဲ့ရာ အစိုးရထိန်းချုပ်နယ်မြေတွင် တွေ့ဆုံမှုအားငြင်းပယ်ခဲ့သည်။

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များသည် တပ်များရုပ်သိမ်းရေး ပြောဆိုညှိနှိုင်းခဲ့ကြသော်လည်း အစိုးရတပ်များသည် ထပ်မံတိုးချလာသည်သာမက သာ၍ တင်းမာမှုများကြောင့် နေ့စဉ်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်။

No comments:

Post a Comment