စစ်အကျဉ်းသားထားရာစခန်းဆီ အပို့မခံရခင်က Roddickဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။
နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကိုထရပ်ကားမောင်းဖို့ စေခိုင်းခဲ့တယ်။
အစာငတ်ပြီး သေသွားတဲ့အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddickက နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး
မြှုပ်နှံဖို့ သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။
ဒါပေမဲ့ ဘယ်သူကမှ နာဇီရဲ့လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။
Roddickတစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ်လုပ်ကိုင်ခဲ့တဲ့အပြင်
တခြားအကျဉ်းသားတွေကိုလည်း ကန်ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီးဆက်ဆံခဲ့တယ်။ ပိုဒေါသထွက်စရာကောင်းတာက
Roddick ဟာ အသက်မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့် အကျဉ်းကျစစ်သားတွေက
သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့သူခိုး"၊ "နောက်လိုက်ခွေး"လို့ ဆဲဆိုကြတယ်။
စစ်အကျဉ်းသားတွေ သူ့ကိုမုန်းပေမယ့် နာဇီတွေက သူ့ကိုတစ်နေ့တခြား အယုံအကြည်ရှိလာခဲ့တယ်။ စစတုန်းက
အလောင်းတွေ သယ်ပို့ရမှာ Roddickနဲ့အတူ နာဇီစစ်သားတွေ လိုက်ပါတတ်သေးတယ်။ နောက်ပိုင်း သူ့ကိုယုံကြည်လာတော့
သူ့တစ်ယောက်တည်းပဲ အလောင်းတွေကို သယ်ပို့တော့တယ်။ အကျဉ်းကျစစ်သားတွေက သူ့ကိုအငြိုးထားပြီး မုန်းကြတာကြောင့်
လစ်ရင်လစ်သလို သူ့ကို အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ အကြိမ်ကြိမ် ဝိုင်းရိုက်ခဲ့ဖူးတယ်။
တစ်ခါက အကျဉ်းကျစစ်သားတွေရဲ့ ရိုက်နှက်ထိုးကြိတ်တာကို Roddickခံရပြီး
လက်တစ်ဘက်ဆုံးရှုံးသွားခဲ့တယ်။
လက်တစ်ဘက်မရှိတော့လို့ ကားမောင်းမရတော့တဲ့သူ့ကို နာဇီတွေက ရက်ရက်စက်စက်
စွန့်ပစ်လိုက်တယ်။ နာဇီအစွန့်ပစ်ခံရတဲ့ Roddickဟာ အကျဉ်းသားစစ်သားတွေရဲ့
မုန်းတီးရိုက်နှက်မှုကို မကြာခဏခံခဲ့ရပြီး နောက်ဆုံးမှာ တစ်ယောက်တည်း
အထီးကျန်ကျန် ကွယ်လွန်သွားခဲ့တယ်။
ဆယ်စုနှစ်ကျော်ကြာပြီးတဲ့နောက် တစ်ရက်မှာ အင်္ဂလန်သတင်းစာထဲကနေ
"ကျွန်တော့်ကိုကယ်ခဲ့သူက ကျွန်တော်အမုန်းဆုံးသူဖြစ်တယ်"ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ ဆောင်းပါးထဲမှာ စာရေးဆရာက
"ကျွန်တော်အကျဉ်းကျခဲ့တုန်းက အကျဉ်းစခန်းမှာ Roddickဆိုတဲ့
သစ္စာဖောက်တစ်ယောက်ရှိခဲ့တယ်။ သူဟာ နာဇီစစ်တပ်အတွက် အလုပ်တွေလုပ်ပေးခဲ့တယ်။
အဲဒီနေ့က ကျွန်တော်မသေသေးဘူး။ ဒါပေမဲ့ Roddickက
အလောင်းတွေမြှုပ်ဖို့ ကျွန်တော့်ကိုပါ အတင်းအဓမ္မကားပေါ် ပစ်တင်ခဲ့တယ်။
အဲဒီနေ့က ကားဟာ လမ်းတစ်ဝက်အရောက်မှာ ရပ်သွားခဲ့တယ်။ Roddickက
သေလုမျော မျောနေတဲ့ကျွန်တော့်ကို သစ်ပင်ကြီးတစ်ပင်အောက် ပွေ့ခေါ်သွားပြီး
ပေါင်မုန့်တချို့နဲ့ ရေတစ်ပုလင်းပေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်ကို
"တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ"လို့ မှာပြီး
ထွက်သွားခဲ့တယ်" လို့ ရေးသားထားတယ်။
သတင်းစာထုတ်ဝေပြီး တစ်လအတွင်းမှာ အင်္ဂလန်က
အငြိမ်းစားစစ်သား(၁၂)ဦးရဲ့ဖုန်းကို သတင်းစာတိုက်က လက်ခံရရှိခဲ့တယ်။
ထူးဆန်းတာက ဒီအငြိမ်းစားစစ်သားတွေဟာ အကျဉ်းစခန်းတစ်ခုထဲမှာပဲ
အကျဉ်းကျခံခဲ့ရသူတွေဖြစ်တယ်။ သူတို့ကိုလည်း Roddickက
သစ်ပင်ကြီးတစ်ပင်အောက်မှာ
ထားခဲ့တယ်လို့ဆိုတယ်။ Roddickကလည်း သူတို့ကို "တကယ်လို့
ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ"လို့ မှာခဲ့တယ်လို့ ဆိုပါတယ်။
အာရုံခံစားမှုကောင်းတဲ့ သတင်းစာအယ်ဒီတာက သူတို့ပြောတဲ့သစ်ပင်မှာ
ထူးခြားမှုတစ်ခုခုရှိနိုင်မယ်ဆိုပြီး အငြိမ်းစားစစ်သား (၁၃)ဦးနဲ့အတူ
အဲဒီသစ်ပင်ကို သွားရှာခဲ့ကြတယ်။ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့်
တောတောင်ဝန်းကျင်တွေက အရင်အတိုင်းပဲ။ အဲဒီသစ်ပင်ကြီးလည်း ရှိနေပါသေးတယ်။
စစ်သားတစ်ဦးက သစ်ပင်ကိုပွေ့ဖက်ပြီး တွေးတောစဉ်းစားနေရာက သစ်ပင်နားက
သစ်ခေါင်းတစ်ခုကို ရုတ်တရက် သတိထားမိလိုက်တယ်။ သစ်ခေါင်းထဲဝင်ကြည့်ကြတော့
သစ်ခေါင်းထဲမှာ သံချေးအထပ်ထပ်တက်နေတဲ့ သံသေတ္တာတစ်လုံးကိုတွေ့တယ်။
သံသေတ္တာကို သစ်ခေါင်းထဲကနေ ခဲရာခဲဆစ်ဆွဲထုတ်ပြီး ဖွင့်ကြည့်တော့
သေတ္တာထဲမှာ ဝါကျင်ကျင် မှတ်စုစာအုပ်တစ်အုပ်နဲ့
ဓာတ်ပုံတစ်ချို့ကိုတွေ့လိုက်တယ်။
သတင်းထောက်တွေက မှတ်စုစာအုပ်ကို တစ်ရွက်ချင်းလှန်ကြည့်ကြတယ်။
"ဒီကနေ့ စစ်သားတစ်ဦးကို ငါကယ်ထုတ်လိုက်ပြန်ပြီ။ တကယ်လို့ သူအသက်ရှင်ခဲ့မယ်ဆိုရင် ဒါဟာ ၂၈ဦးမြောက် စစ်သားပဲ..."
"ဒီကနေ့ စစ်သားအယောက်(၂ဝ)သေသွားရပြန်ပြီ..."
"မနေ့ညက စစ်သားတွေ ငါ့ကိုထိုးနှက်ကြတယ်။ ငါတောင့်ခံပြီးအသက်ရှင်မယ်။
အဖြစ်မှန်ကို ပြောလို့မဖြစ်ဘူး။ စစ်သားတွေအများကြီး ငါကယ်ရဦးမယ်...."
ဒီအချိန်ကျမှ Roddickရဲ့အဖြစ်မှန်ကို လူတွေသိသွားတော့တယ်။ သူကယ်ခဲ့လို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အငြိမ်းစားစစ်သားတွေရဲ့ ပါးပြင်ပေါ်မှာ
မျက်ရည်တွေရွဲလို့... လက်စသတ်တော့ အကျဉ်းစခန်းမှာ လူအမုန်းခံရဆုံးသူက သူရဲကောင်းတစ်ဦးဖြစ်နေခဲ့ပါပေါ့လား!
Roddickရဲ့မှတ်တမ်းအရ သူကယ်ခဲ့တဲ့ အကျဉ်းကျစစ်သားပေါင်း (၃၆)ဦးရှိပါတယ်။ အခု အသက်ရှင်နေသူက (၁၃)ဦးရှိခဲ့တယ်။ သူ့ရဲ့မှတ်စုနဲ့
သူခိုးရိုက်ခဲ့တဲ့ နာဇီစစ်သားတွေရဲ့အကျဉ်းသားအပေါ်ရက်စက်ပုံတွေက နာဇီစစ်တပ်ကို စွဲချက်တင်ဖို့အကောင်းဆုံး သံမဏီသက်သေတစ်ခုဖြစ်ခဲ့တယ်။
သတင်းစာမှာ Roddickရဲ့အဖြစ်မှန်ကို တင်ပြခဲ့ပါတယ်။ Roddickဟာ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တဲ့အပြင် လူအများက သူ့ကို
သစ်ပင်ကြီးအောက်အရောက်သွားပြီး ဂါဝရပြုခဲ့ကြတယ်။
လူတိုင်းလူတိုင်း လှပပြည့်စုံတဲ့ဘဝရှိဖို့ မျှော်လင့်တောင့်တကြတယ်။
တကယ်လို့ လူတစ်ယောက်ဟာ လူအများရဲ့စက်ဆုပ်ရွံ့ရှာ၊ အထင်သေးတာကို
ခံနေရသည့်တိုင် သူ့ယုံကြည်မှုကိုလက်ကိုင်ထားပြီး သူ့ရဲ့သမိုင်းပေးတာဝန်ကို
ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ရင် သူ့တစ်သက်က အနှိုင်းမရှိ
ထွန်းလင်းတောက်ပမှာ အမှန်ပါပဲ။ အသက်ရှင်နေတုန်း အလင်းမဲ့ခဲ့ရပေမယ့်
အသက်သေဆုံးပြီးတဲ့နောက်မှာတော့ နာမည်က မမေ့မပျောက်ကျန်ရစ်ခဲ့မှာ
ဧကန်ဖြစ်ပါတယ်။
No comments:
Post a Comment